Tuesday, August 28, 2007

ပြ ည်သူ့ တပ်မတော်ကို ချစ်ပါရစေ

ပြည်သူချစ်သော ပြည်သူ့တပ်မတော် ကို ပြည်သူမုန်းသော စစ်တပ် ဖြစ်အောင် ဘယ်သူလုပ်သလဲ
မြန်မာ့ တပ်မတော် ပေါ်ခါစက ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်တို့ကို တိုက်ထုတ်ခဲ့သော၊ ဖက်ဆစ်ကို တိုက်ထုတ်ခဲ့သော၊ မြန်မာ့ လွတ်လပ်ရေးကို အရယူပေးခဲ့သော မြန်မာ့ တပ်မတော် သားများ ပြည်သူများကြားတွင် ဘယ်လောက် မျက်နှာပန်း ပွင့်ခဲ့ သည် ဆိုသည်မှာ အထူး ပြောစရာ မလိုပါ။ စစ်မျက်နှာ ၂ဖက် ညှပ်ခြင်းကို အလူးအလဲ ခံခဲ့ရသော မြန်မာ နိုင်ငံသည် စစ် ပြီးခေတ် ဖဆပလ လက်ထက်တွင် အရှေ့တောင် အာရှ တစ်ခွင်တွင် ဦးဆောင် နိုင်ငံ ဖြစ်ခဲ့သေးကြောင်းကို စင်ကာပူ ၀န်ကြီးချုပ် လီကွမ်ယုရဲ့ စင်ကာပူကို မြန်မာလို ဖြစ်အောင် အတုယူ ကြိုးစားကြ လို့ ပြောခဲ့ရတဲ့ သမိုင်းတွင် စကား တစ်ခွန်း နဲ့ တင် သိသာပါတယ်။ ဖဆပလ ပြုတ်ကျပြီး မဆလနဲ့ န၀တ တဖြစ်လဲ နအဖတို့ ခေတ်ဖြစ်တဲ့ ခုချိန်မှာတော့ ကမ္ဘာ့ အတိုးတက်ဆုံး နိုင်ငံဖြစ်သွားတဲ့ စင်ကာပူဟာ ကမ္ဘာ့ အဆင်းရဲဆုံးနဲ့ ဒုက္ခအများဆုံး ဖြစ်သွားတဲ့ သူအတုယူ ခဲ့ရတဲ့ မြန်မာနိုင်ငံကို ငုံ့ကြည့် နေရပါပြီ။ တိုင်းပြည် အတွက် မရှိမဖြစ် ဆိုတဲ့ တိုက်ခိုက်ရေး ကျွမ်းကျင်ပါပေ့ ဆိုတဲ့ တပ်မတော် ကြီးရဲ့ အုပ်ချုပ်မှု ကြောင့်ပါပဲ။ ကိုယ်တာဝန်ယူတဲ့ အချိန်မှာ ဖြစ်ပေါ်သမျှ ကိုယ့်တာဝန်ပါ။ သူများကို လွှဲချလို့ မရနိုင်ပါဘူး။

ပြည်သူချစ်သော ပြည်သူ့ တပ်မတော်ဘ၀မှာ တပ်မတော်နေ့ စစ်ကြောင်းလျှောက် တဲ့ စစ်သားများ လည်ဆွဲ ပန်းကုံး များထဲမှာ ပန်းကုံး စွပ်သူ ပြည်သူ များရဲ့ မေတ္တာစာများ၊ ဆက်သွယ်ရန် လိပ်စာများ ချိတ်ဆွဲလျက် ပန်းကုံးစွပ်ခံ ခဲ့ကြ ရတာ ၈၈ မတိုင်ခင် ထိ ဆိုတာ စစ်ကြောင်းလျှောက် တပ်မတော် သားများ အသိဆုံးပါ။ ၈၈ နောက်ပိုင်း ပြည်သူရဲ့ အငတ်ဘေး ကို မသိတဲ့ ပြည်သူ့ အခွန်တော်စား လခစား နယ်က စစ်သားများကို ရန်ကုန် ခေါ်ပြီး ဆန္ဒပြ ပြည်သူကို ကွန်မြူနစ်လို့ လိမ်ပြောပြီး ပစ်ခိုင်းပြီးတဲ့နောက် စစ်ကြောင်းလျှောက် တပ်မတော် သားများ ရရှိခဲ့တဲ့ ပန်းကုံး ကတော့ ခွေးလှေးယားသီး ထည့်ထားတဲ့ ပန်းကုံးများ ဖြစ်လို့ သတိ ဆွဲချိန် တွန့်လိမ် နေတဲ့ စစ်ကြောင်းလျှောက် စစ်သားများကို ရုပ်မြင်သံကြားက ထိုင်ကြည့်ရင်း ပြည်သူရဲ့ ဒဏ်ခတ်မှုကို မြင်တွေ့ လိုက်ရ ပါတော့တယ်။ ပြည်သူ့အချစ်တော် ဘ၀ ကနေ ပြည်သူ့ အမုန်းကို ခံရတာ ဘာကြောင့် ဆိုတာကို စစ်သားများ တပ်မတော်သားများ ပြန်လှန် စဉ်းစား သုံးသပ် မိကြပါရဲ့လား။

ပြည်သူနဲ့ စစ်တပ်ကို ဘယ်သူက ဘယ်လို သွေးခွဲနေပါစေ။ ပြည်သူက မွေးဖွားတဲ့ တပ်မတော်သားမို့ ပြည်သူနဲ့ နီးစပ် တဲ့ အခြေခံ ရဲဘော် အများစုဟာ ပြည်သူ့ ဘ၀ကို စာနာ နားလည်ပါတယ်။ ပြည်သူ ကလဲ အခြေခံ ရဲဘော်များရဲ့ ဘ၀ကို စာနာ နားလည်ပါတယ်။ ကိုယ့်ရွာကိုလာ၊ ကိုယ့်ရွာက အိမ်တွေကနေ တတပ်လုံးစာ ရိက္ခာကို တောင်းယူတဲ့ တပ်မတော် သားကို မရှိတဲ့ အထဲက ခွဲဝေပေးတာ ပြည်သူပါ။ ဒီတပ်မတော်သားတွေရဲ့ ရိက္ခာကိုတော့ ထောက်ပို့တပ်က အမြဲ ဖြတ် ယူ ခိုးယူ ပေါ်တင် ယူတာမို့ ပြည်သူ့ ဆီက ဒီလို ပြန်တောင်း ရတယ် ဆိုတာ ပြည်သူက နားလည်ပါတယ်။ ထောက်ပို့ တပ် က တာဝန်ရှိသူကို တိုင်ကြားမှု ပြုသူမှာ စစ်ထောင် ကျလေ့ ရှိတာ ကိုလည်း ပြည်သူက သိပါတယ်။ ထောက်ပို့တပ် က တာဝန်ရှိသူဟာ ရှေ့တန်းရောက် တပ်မတော်သားများရဲ့ ရိက္ခာကို ဖြတ်တောက် ခိုးယူပြီး အထက် အရာရှိကို ဖားရ ထောက်ပံ့ ရသလို အထက် အရာရှိ ဆိုသူကလည်း ဒီငွေနဲ့ သက်ဆိုင်ရာ အထက် အထက်က ပုဂ္ဂိုလ်များကို ဆက်လက် ထောက်ပံ့ ရတာကို လည်း ပြည်သူက သိပါတယ်။

ရှေ့တန်းကို တကယ် ထွက်ဖူးတဲ့ တပ်မတော်သား များဟာ ရှေ့တန်း မှာ အသက်ကို ရင်းလို့ အချိန်ကို လုပြီး တိုက်ပွဲဝင် နေရချိန်မှာ ရိက္ခာ ပြတ်ရင် ဘယ်လို ခံစားရမယ် ဆိုတာ ကိုယ်တိုင် ခံစားပြီး ရဲဘော်ချင်း တပ်မတော်သားချင်း ကိုယ်ချင်း စာစိတ် ရှိဖို့ ကောင်းပါတယ်။ တပ်မတော်သား စိတ်ဓာတ်ကို ဘယ် နေရာမှ သွားထားလဲ လို့ မေးချင်ပါတယ်။ ကိုယ့် တပ်မတော်သား ချင်းတောင် အသက်ရင်းပြီး သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်အတွက် ရှေ့တန်း ထွက်နေသူ ကို တောင် ဒီလို တကိုယ်ကောင်း စိတ်ထားနဲ့ ဒီလို ဆက်ဆံရင် သာမန် ပြည်သူ ကိုရော ဘယ်လိုစိတ်ထားနဲ့ ဆက်ဆံ ခံရမလဲ ဆိုတာ ပြည်သူ့ တပ်မတော်သားများ စဉ်းစားတတ်ကြပါတယ်။ ဒါပေမယ့် မတစ်ထောင်သားများ ဖြစ်တဲ့အတိုင်း တပ်မတော်ထဲ မှာ လူဆိုးလူသွမ်း လူယုတ်မာများ ပါလာလေ့ ရှိတာကိုလဲ ပြည်သူ က သိပါတယ်။ ငါးခုံးမ တစ်ကောင် ကြောင့် တစ်လှေလုံးပုပ် ဆိုသလို ပြည်သူက သိမ်းကျုံး စွပ်စွဲမှု မပြုပါဘူး။ ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ ဆိုသလို ခွဲခြားတတ်တဲ့ စိတ် ပြည်သူ့ထံမှာ ရှိပါတယ်။

ပညာ အခြေခံနည်းပြီး အထက်က တချိန်လုံး ဟောက်စား လုပ်မှုကြောင့် စိတ်ထား ကြမ်းနေတဲ့ ရဲဘော်များဟာ ရိက္ခာ မရှိရင် ဆာလောင် နေသူ ဟာ စိတ်တိုပါတယ်။ ပညာ နည်းပါးပြီး လက်နက် ရှိနေသူဟာ လက်နက် အားကိုးနဲ့ ရမ်းတတ် ပါတယ်။ ဒီတော့ ရွာတွေ ထဲကို ၀င်ပြီး ရိက္ခာ တောင်းရာမှာ ကြမ်းတမ်း နေပါလိမ့်မယ်။ စီးပွားရေး ကြပ်တည်းနေတဲ့ ရွာ သားများ ထဲမှာလဲ စိတ်တို နေသူ ရှိမှာပါ။ စစ်တပ်က တောင်းတိုင်း မပေးနိုင်သူ ရှိနေနိုင် ပါတယ်။ နယ်စပ်က တိုင်းရင်း သား ရွာများမှာ ဘာသာ စကား အခက်အခဲက ရှိနေပါ သေးတယ်။ ဒီမှာတင် ရွာသားနဲ့ စစ်သား အချင်းများ ရာက သတ်ပွဲ ဖြစ်လေ့ ရှိတာပါ။ ပြသနာ ဖြစ်ရင် အထက်က သိမြဲမို့ ဘာကြောင့်လဲ မေးတော့ အပြစ် ဖြစ်မှာကို ၀န်မခံ ရဲတဲ့၊ အဖြစ်မှန်ကို အကြောင်း ကြောင်းကြောင့် မတင်ပြ ရဲသူက နိုင်ရာကို ဖိမဲပြီး ပြည်သူကို သူပုန်လို့ ခေါင်းစဉ် တပ်လိုက် တော့တာ ပါပဲ။ ဒီလိုနဲ့ မဟုတ်ပါဘဲ သူပုန်ရွာလို့ ခေါင်းစဉ် တပ်ခံရပြီး ရွာလုံးကျွတ် မီးရှို့၊ သတ်ဖြတ်မှုတွေ ဖြစ်လာ ပါတော့တယ်။ ဒီဖြစ်ရပ်တွေကို သတင်းဌာန တွေထက် တကယ် တွေ့မြင်ခံစားရတဲ့ ပြည်သူက အသေးစိတ် အတွင်း ကျကျ သိကြတာပါ။ တချို့ သတင်းများဟာ သတင်းဌာနတွေ ဆီကိုတောင် မရောက်ကြပါဘူး။ ဒါကြောင့် သတင်းဌာနက ၀ါဒဖြန့် ချီမှု ဆိုတဲ့ စကားလုံး အသုံးအနှုံးကို ပြည်သူက ၀ါးလုံးကွဲ အမုန်း အပြည့်နဲ့ ရယ်ပါတယ်။ သတင်း မီဒီယာ များက ချဲ့ကားမှု တွေကိုရော သတင်း မဟုတ်တာကို သတင်းလုပ် ကြေညာ တာတွေ ကိုရော ပြည်သူက ပိုပြီး အတွင်းကျကျ သိပါတယ်။ သိပြီးသားကို ပြောခါမှ ဟုံ ဆိုသလို မဖြစ် စေချင်ပါ။

လူမျိုးရေး မုန်းတီးမှုနဲ့ စစ်သားနဲ့ အရပ်သား ပြည်သူကြားက မုန်းတီးမှုတွေရဲ့ အစဟာ စစ်တပ်တွင်း ရိက္ခာ ဖြတ်တောက် ခံရမှု တွေ ကနေ မြစ်ဖျားခံတာပါပဲ။ အဖြစ်မှန်ကို ကိုယ်တိုင် သိချင်ရင် ပြည်သူ ကြားကို ကိုယ်တိုင် ကွင်းဆင်း ကြည့်ပါ။ အောက်လူ ကို မလွှတ်ပါနဲ့။ လွှတ်လိုက်တဲ့ စစ်ဆေးရေး မှူးကို သက်ဆိုင်ရာ တပ်မှူးက ဘယ်လို ပြုစု ဧည့်ခံလိုက်ရင် သတင်း ပျောက် တတ်တယ် ဆိုတာ လောက်တော့ သိကြ စဉ်းစား တတ်ကြမယ် ထင်ပါတယ်။ အသိဉာဏ် ရှိတဲ့ တပ်မ တော်သား အရာရှိများဟာ အထက် အရာရှိက ရာထူးကျရင် ဆက်ဆံ စရာ မလိုတော့ ပေမယ့် ပြည်သူ ကတော့ သွား လေရာမှာ တိုင်းပြည်ထဲ နေသရွေ့ ကင်းလို့မရ၊ မဆက်ဆံဘဲ နေလို့ မရဘူး ဆိုတာ သိကြပါတယ်။ ပြည်သူ့ ဘက်သား ဘ၀နဲ့ အာဏာရှင် ဘက်တော်သား ဘ၀ ဘယ်ဘ၀ကို ရွေးမှ လုံခြုံ စိတ်ချရမလဲ ဆိုတာ ကိုလည်း သိကြ ပါတယ်။ အရင် ကထက် ပိုမို ဖွံ့ဖြိုး လာတဲ့ သတင်း ဆက်သွယ်ရေး နည်းပညာ ကြောင့် အမြင်ပို ပွင့်လာပြီး ပိုယဉ်ကျေး လာတဲ့ တပ်မတော် သားများ၊ တပ်မတော် အရာရှိများကို ပြည်သူက ချစ်ခင် မြတ်နိုး ပါတယ်။

ဒီလို သိကုန်ကြလို့လဲ ယဉ်ကျေးပြီး ကိုယ်ချင်းစာ တရား လက်ကိုင် ထားသူ ပြည်သူ့ ဘက်သား တပ်မတော် အရာရှိ များကို အယုံအကြည် မရှိကြ တော့လို့ အရင်တုန်းက တပ်မတော်သား များကို ဆက်ဆံပုံနဲ့ ခုတလော ဆက်ဆံပုံ မတူ တော့တာကို တပ်မတော်သား များကိုယ်တိုင် ခံစား သိရှိ နေကြတယ် ဆိုတာကို ပြည်သူက သိပါတယ်။ ဒါကြောင့် အာဏာရှင် ဖြစ်ချင်သူ များက ခိုင်းတိုင်း လုပ်တဲ့ လက်မရွံ့ လူမိုက်များကို မွေးမြူပြီး ကြံ့ဖွံ့အတု၊ ရဲအတု၊ ကြက်ခြေနီ အတုနဲ့ ပြည်သူ့စစ် အမည်ခံ လူရမ်းကား တပ်များ စတဲ့ လက်ကိုင်တုတ် အဖွဲ့ပေါင်း များစွာကို အရန်အင်အား အဖြစ် မွေးမြူထားတာ သက်သေ သာဓက တစ်ခုပါ။ တပ်မတော်ကို မသုံးဘဲ ပြည်သူကို နှိပ်ကွပ်ဖို့ လူရမ်းကား တပ်ကို သပ်သပ် မွေးထားတာကို ပြည်သူကို ကာကွယ်ပါတယ် ဆိုတဲ့ တပ်မတော်က လက်ပိုက် ကြည့်ရက်မယ် ဆိုရင်တော့ ပြည်သူ့ ကံတရားပါပဲ။

နောက်တစ်ခု အရေးကြီးတာကို ပြောချင်ပါသေးတယ်။ တပ်မတော် မရှိရင် တိုင်းပြည် ဒုက္ခရောက်မယ် ဆိုတဲ့ စကားပါ။ ဒီလို တရားလက်လွတ် မပြောစေချင်ပါ။ ပြင်ပ ကမ္ဘာကို လေ့လာခွင့် မရတဲ့ သူတွေ ပြောတဲ့စကားမှန်း လူသိပါတယ်။ ကမ္ဘာ့ လုံခြုံ စိတ်ချ ရဆုံး ဘဏ် တည်ရှိပြီး ကမ္ဘာ့ ကုလသမဂ္ဂရုံးချုပ် ရုံးစိုက်ရာ ဆွစ်ဇာလန်နိုင်ငံမှာ စစ်တပ် မရှိပါဘူး။ အဲဒီနိုင်ငံဟာ ကုလသမဂ္ဂ မှာတောင် အသင်းဝင် မထားတဲ့ ဘယ်သူနဲ့မှ မဟာမိတ် ဖွဲ့ အသင်းဝင်မှု လုပ်မထားတဲ့ နိုင်ငံပါ။ ဒီလောက်ဆို သိသာပါပြီ။ ဆက်မပြော ပါရစေနဲ့။ တပ်မတော် မရှိပေမယ့် ပြည်သူရှိရင် နိုင်ငံရှိပါတယ်။

ဘလော့ဂါ ရပ်ဝန်းက သက်ဆိုင်ရာ တာဝန် ရှိသူ များကို ပန်ကြား လိုက်ပါတယ်။ တပ်မတော်ကို ချစ်ပါရစေ။ ပြည်သူက တပ်မတော်ကို ချစ်ချင်ပါတယ်။ ပြည်သူကို သူတို့ချစ်တဲ့ သူတို့တပ်မတော် အဖြစ် ပေးချစ်လိုက်ပါ။ လစ်ဟာချက်တွေကို ပြင်ပေးပါ။ ပြည်သူက ခွင့်လွှတ်စိတ် ကြီးပါတယ်။ ဂျပန်စစ်သားကိုတောင် ဖွက်ပေးပြီး ပြန်အသက်ကယ်တဲ့ မြန်မာ ပြည်သူ အများစု ဟာ ကိုယ့် ပြည်သူ ပြည်သား ချင်းအပေါ် မရက်စက်ပါဘူး။ ခုလို စစ်တပ်က လူတစ်စုက ငွေပေးခိုင်း တိုင်း လုပ်တဲ့ လူမိုက်များကတော့ ဂျပန်ခေတ်က အလိုတော်ရိလို လူတန်းစားထဲက လက်တစ်ဆုပ်စာ လူတွေပါ။ လမ်း လျှောက် ဆန္ဒပြမှု မဖြစ် ဖြစ်အောင် စက်သုံးဆီကို ဈေးတက်ခြင်း၊ ဒီလို အဖြစ်ကြောင့် လမ်းလျှောက် ဆန္ဒပြ နေပါလျက် လျှပ်စစ် ဓာတ်အားခနဲ့ အိမ်ခွန်ကို တိုးမြှင့် ကောက်ခံခြင်း တွေဟာ တမင် မဆူ ဆူအောင် ဆွနေမှန်း ပြည်သူက သိပါ တယ်။ ဒိပြင် လမ်းလျှောက် ဆန္ဒပြတဲ့ သူတွေကို စစ်တပ်က လူတစ်စုကပဲ တစ်ရက် ၂၀၀၀ပေး ဆန္ဒပြခိုင်းပြီး လူထုကို ရိုက်မယ့်ဘက် ဦးဆောင် ခေါ်ခိုင်းတာ၊ ရိုက်မယ့် သူကိုတော့ စစ်တပ်က ဒီလူ တစ်စုကပဲ တစ်ရက် ငွေ ၅၀၀၀ ပေးပြီး ရိုက်ခိုင်းတာ၊ ၂၀၀၀ တန်လူစုနဲ့ ၅၀၀၀တန် လူစုက အချင်းချင်း ဟန်ပြ ရိုက်နေ ကြတာ၊ ဆန္ဒပြ သူချင်း အဓိကရုဏ်း ဖြစ်လေဟန် ဖန်တီးပြီး တန်ပြန် အာဏာသိမ်းဖို့ ကြံနေတာ ဆိုတာ တွေလဲ အရက်မူးလို့ ကျွဲခိုးပေါ် ပြီးသားပါ။ ပြည်သူ ကလဲ ပါးနပ်ပါတယ်။ တမင် သွေးတိုး စမ်းမှန်း သိလို့ လူတု လူစစ် ကွဲပြား လာတဲ့ အထိ စောင့်နေတာပါ။ ဒါကို ပြည်သူ က မပါ သေးဘူး လို့ မထင်လိုက် ပါနဲ့။ အခြေအနေတွေ ပိုဆိုး မလာခင် တပ်မတော်ကို ပြည်သူ တပ်မတော် အဖြစ် အသွင်အပြင်ရော အနှစ်သာရပါ ပြောင်းလဲ ပေးကြပါ။ ပြည်သူကို သူတို့ချစ်တဲ့ တပ်မတော်ကို သူတို့ကို ပြန်လည် ပေးအပ်လိုက်ပါ လို့ တောင်းဆိုလိုက်ပါတယ်။

တပ်မတော်ကြီး ရှင့်.. ပြည်သူ တစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ပြည်သူ့ တပ်မတော် အဖြစ် ဂုဏ်အင် ထည်ဝါနိုင်ပါစေ။ လက်တစ်ဆုပ်စာ အာဏာရှင်များရဲ့ လက်ကိုင်တုတ် တပ်ဘ၀ ကနေ လွတ်မြောက် နိုင်ပါစေ။