Saturday, July 14, 2007

အာဇာနည် ခေါင်းဆောင် ဆိုတာ

ဒီဘုရားလေးရဲ့ အ၀င်မုခ်ဦးနားက ဇရပ်မှာ တညနေကုန် ထိုင်လျက် ရီဝေေ၀ ငေးမောနေသော အဘိုးကို အဖော်ပြုလျက် ကျွန်မ ထိုင်နေရင်း ဒီလောက်ကြီးတောင် အဘိုးဘာတွေများ တွေးတော ခံစားနေမည်ကို သိချင်လှပါသည်။ သို့သော် အဘိုးရဲ့ အတွေးစဉ်တွေပြတ်တောက်သွားမှာ ခံစားလက်စ အရှိန်လေးတွေ ပျက်သွားမှာ စိုးရိမ်လို့ သည်အတိုင်းငြိမ်ရင်း အဘိုးငေးရာသို့ လိုက်ငေးနေမိသည်။ အညာမိုးက ဖုန်သိပ် ရုံလောက် ရွာသည်ဆိုရုံ တဖျောက်ဖျောက်…
မနက်က အစောကြီးထကာ ချက်ပြုတ်ပြီး အာဇာနည်နေ့တိုင်း အထူးဆွမ်းကပ်လေ့ရှိသော ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းအိုးများ၊ ဟင်းချိုင့်များကို လိုက်လံ လှူဒါန်းပြီး ရေစက်ချ တရားနာ လိုက်သည်မှာ နေ့လယ် ၂နာရီထိုးသည်အထိ။ အသက်ကြီးလှပြီဖြစ်သောကြောင့် ကျန်းမာရေးအတွက် စိုးရိမ်သဖြင့် နားရန် ပြောသော်လည်း သည်နေ့ကို အစွဲကြီးလှသော အဘိုးဆန္ဒကို တဆွေမျိုးလုံး မလွန်ဆန်နိုင်ကြ။ အခုလည်း သူဆောက်လုပ် လှူဒါန်းထားသော သည်ဇရပ်ပေါ်မှာ တညနေလုံး နားချင်သည် ဆိုသောကြောင့် ကျွန်မက အဘိုးကို အဖော်ပြုနေခြင်းပါ။ ဈေးကျောင်းဘုရားဟု အညာသားတို့ အလွယ်ခေါ်သော မာရ်အောင်မြင်ဘုရားမှ ဆည်းလည်းသံများက မိုးသံကိုလွှမ်းလျက်။ အဘိုးကတော့ ဘုရားရှေ့က ခြင်္သေ့ကြီး ၂ကောင်ကြားက မြေကွက်လပ်ကို တမ်းတမ်းမက်မက် ငေးလျက်…
လေအဝှေ့မှာ မိုးစက်မှုန်မွှား တို့က ဇရပ်တွင်း ၀င်ရောက် လာသောကြောင့် ဇရပ် အတွင်းပိုင်းသို့ ပြောင်းထိုင်ရန် အဘိုးကို ကျွန်မ သွားတွဲ လိုက်သည်။ အဘိုးက ညင်သာစွာ ထရင်း
ဘိုး။ ။ငါ့မြေးလဲ အဘိုးကို အဖော် လုပ်ပေးနေရတာ ပျင်းနေရောပေါ့
မြေး။ ။ပျင်းပါဘူး ဘိုးရယ်။ သမီးက စိတ်ဝင်စားနေတာ
ဘိုး။ ။ဘာကိုတုန်း မြေးရဲ့
မြေး။ ။သြော်.. အဘိုးနဲ့ သည်နေ့ရဲ့ ပတ်သက်ပုံကိုပါ။ ဘိုးမှာ တော်တော်လေး ခံစားချက် ရှိပုံရတယ်နော်။
မမေးရဲလို့ အသာကဲ ကြည့်လိုက်တော့ ဘိုးက အဝေးကို မျှော်ရီငေးရင်း သက်ပြင်းတချက် ချသည်။ ပြီးမှ ဆုံးဖြတ်ချက် ချဟန်ဖြင့် အသာ လှည့်ကြည့်သည်။
မြေး။ ။မြေးကို ပြောပြလို့ရရင် ပြောပြပါလား ဘိုးရယ်
မျက်ဝန်းအစုံကို ခပ်မြန်မြန် မျက်တောင်ခတ်ရင်း အဘိုးက မိုးပေါ်ကို မျှော်ကြည့်သည်။ အရည်လဲ့နေ သော မျက်ဝန်းတစ်စုံကြောင့် မျက်ရည်မကျအောင် မော့လိုက်ကြောင်း ကျွန်မသိလိုက်ရတော့ တအား အံ့သြ သွားသည်။ ခေတ်အဆက်ဆက် အာဏာပိုင်တွေ၊ မြို့တော်ဝန်တွေပင် တုန်အောင် ကြောက်ရ သော၊ တမြို့ လုံးရှိ ဘုန်းတော်ကြီးများ အတွက် စာပြန်ပွဲသို့ ပင့်ဆောင် စာပြန်မည့် ဘုန်းတော်ကြီးများကို စာမေးပွဲ စစ်ရာတွင် ကိုယ်တိုင် မေးခွန်းထုတ်သော၊ ကျွန်မကိုယ်တိုင်လည်း အချစ်ဆုံးနှင့် မျက်နှာသာ ပေးခံရဆုံး တစ်ဦးတည်းသော မြေးဖြစ်လျက် မျက်နှာရိပ် ကြည့်ပြီးမှသာ စကားပြောရဲ ရလောက်အောင် တည်သော၊ အဘိုးမှာ မျက်ရည်လည် ရလောက်သော ခံစားချက် ရှိနေသည်ကို မအံ့သြဘဲ မနေနိုင်ပါချေ။
ဘိုး။ ။ အင်း… ဘိုးတို့က အရင်က သည်နယ်ထဲက မဟုတ်ဘူးမြေးရဲ့။ ရဲဘော်သုံးကျိပ် မြန်မာပြည်ထဲ ၀င်လာပြီး အင်္ဂလိပ်ကို တိုက်ထုတ်ခါစက ဘိုးက သာသနာဘောင်မှာပေါ့
ဘိုးဆီက မမျှော်လင့်ဘဲ ကြားလိုက်ရသော စကားကြောင့် ကျွန်မ အသက်ရှူဖို့ မေ့သွားခဲ့သည်။ ဒါကြောင့် ဘုန်းကြီးတွေကို စာမေးပွဲစစ်နိုင်တာကိုးဟု အသိတချက် ၀င်းလက်သွားပြီး စိတ်ဝင်စားမှုများက တောင်ကျ ရေ လို တရဟော…
မြေး။ ။အဲဒီတော့
ဘိုး။ ။အဲဒီတော့ ဘိုးလဲ လူထွက်ပြီး ဘီအိုင်အေရဲ့ ပြောက်ကျားတပ်ထဲ ၀င်ခဲ့တယ်။ တနေ့တော့ တိုက်ရင်း သည် ဘုရားရှေ့က ခြင်္သေ့နှစ်ကောင် ရှေ့မှာ တပ်ထွက်ခါနီး ဗိုလ်အောင်ဆန်းက တပ်ကိုလိုက်စစ်တယ်။ စစ်ရင်း နဲ့ စကားတခွန်း ပြောတယ်။ ငါ့ရဲဘော် တွေကလည်း စုတ်ပြတ် နေတာပဲကွာ။ အေး.. ငါလဲ ဘာမှ မတတ်နိုင် ဘူးကွာ။ ငါ့လဲ အိပ်စရာ မြေကြီး၊ စားစရာ ကျောက်ခဲပဲ ရှိတယ်တဲ့။ တပ်ကို လိုက်စစ်ပြီး တန်းဖြုတ် လို့ပြောပြီး ဗိုလ်အောင်ဆန်း လှည့်ထွက်သွားတော့ သူ့ဘောင်းဘီဖင်မှာ စုတ်နေတာ လက်တ၀ါးလောက်ကို ပြန်ဖာထားတဲ့ အရာကြီးက ခုတွေးရင် ခုထိ မျက်စေ့ထဲက မထွက်ဘူး။ သူကိုယ်တိုင် ချုပ်ထားရပုံ ရတယ်။
မြေး။ ။ဟာ.. ဒါဆိုဘိုးလည်း ဘီအိုင်အေ စစ်သားဟောင်းကြီးပဲပေါ့။ မြေးတို့ လွတ်လပ်တဲ့ လူမျိုးဖြစ်လာတာ ဘိုး တိုက်ယူခဲ့လို့ပေါ့။ အမယ်လေး… ဘိုးရယ်၊ နေနိုင်လိုက်တာ.. ဘာလို့ ဘယ်သူ့ကိုမှ သည်အကြောင်း မပြောပြခဲ့တာလဲ ဘိုးရယ်။ နို့မို့ရင် မြေးတို့ အစောကြီး ကတည်းက ဂုဏ်ယူလို့ရတာကို.. ဘိုးက ဗိုလ်ချုပ် အောင်ဆန်းနဲ့ကို အတူတူ တိုက်ခဲ့ဘူးတဲ့ ဘီအိုင်အေ စစ်သားကြီးပဲလို့
ကျွန်မ ဂုဏ်ယူစွာဖြင့် တရပ်စပ် ပြောမိနေသည်ကို အဘိုးက နှစ်လိုဖွယ်ပြုံးရင်း မောသွားဟန်ဖြင့် ခဏ နားရင်း ခြင်းထဲက ရေဗူးကိုယူကာ ရေသောက်သည်။ ပြီးတော့ အားယူပြီး ဆက်ပြောသည်။
ဘိုး။ ။ပြီးတော့ ဘိုးတို့ အတူတူ စစ်မြေပြင်ရောက်ခဲ့ကြတယ်။ ဖြစ်လိုက်တဲ့ တိုက်ပွဲတွေ ဘာပြောကောင်းမလဲ။ ၂ရက်ဆက်တိုက် ၃ရက်ဆက်တိုက် မအိပ်တမ်း မနားတမ်း တိုက်ခဲ့ရတဲ့ အခါတွေလည်း ရှိတာပဲ။ ဗိုလ်အောင်ဆန်းက ကိုယ်တိုင် ရှေ့တန်း ထွက်ပြီးကို တိုက်တာ။ ငတ်တာမှ ရေပါ သေချာ မသောက်ရ လောက်အောင်ကို ငတ်တာ။ တစ်ချီတော့ ၃ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီး ခဏ အရှိန်ရပ်တုန်း ဗိုလ်အောင်ဆန်းတို့နဲ့ တဖက်စီ ၂တပ်ခွဲပြီး စားစရာရှာရင်း တောထဲမှာ ဘိုးတို့က တောဝက် တစ်ကောင် တွေ့ရော.. ငတ်တာလဲ ၃ရက်ရှိပြီ။ တောဝက်ကို သေနတ် နဲ့ ပစ်ဖမ်းဖို့ ကလဲ သေနတ်သံကြားရင် ၀ါးရုံတော နဲ့ တောင်ကြော တဖက်မှာ အင်္ဂလိပ်တပ်က ရှိနေတော့ တိုက်ပွဲပြန် ဖြစ်မှာလဲ စိုးရ၊ ကိုယ့်တပ်က ပင်ပန်းနေတဲ့ ရဲဘော်တွေ ကိုလည်း ငဲ့ရဆိုတော့ ဘာပြောကောင်းမလဲ တောဝက်ကို သေနတ်မသုံးဘဲ လူချည့်ဝင် နပမ်းလုံးပြီး ဖမ်းရတာ။
မြေး။ ။ဟင်.. ဘယ်လိုဖမ်းလဲ… တောဝက်က သူ့အစွယ်နဲ့ ပြန်ပက်မှာ မကြောက်ဘူးလား
ဘိုး။ ။စစ်တောင် တိုက်နေသေးတာ မြေးရဲ့… တောဝက် ပက်မှာ လောက်တော့ မကြောက် နိုင်တော့ဘူး။ လက်မြန်ပြီး အားကောင်းတဲ့ တစ်ယောက်က တောဝက် ပြေး အပက်ကို အစွယ်ကို လက်နှစ်ဖက်နဲ့ စုံကိုင် ဖမ်းပြီး ကျန်တဲ့လူတွေက တောဝက်နံဘေးကို လှံစွပ်ဖူးနဲ့ ၀ိုင်းထိုးကြတာ။ တောဝက်က တော်တော် ဆူတော့ (၀တော့) အားကောင်းတော့ တော်တော် သတ်ယူရတယ်။ ဘာသံမှကို ပေးမထွက်ရဲဘူး။ ပြီးတော့ ၀ါးပိုးလုံးကို ခုတ်ပြီး ၀ါးကျည်တောက်ကို အိုးလုပ်၊ ၀ါးကိုင်းခြောက်ကို ထင်း၊ ၀ါးပြာကို ဆားလုပ်ပြီး တောဝက်သားကို ပြုတ်စားရတာ။ အဲဒီနေ့က တောဝက်သား ရေလုံပြုတ်က တသက်မှာ စားလို့ အမြိန်ဆုံး ပဲ မြေးရဲ့။ တတပ်လုံး ခေါင်းကို မဖော်နိုင်ဘူး။
ပြုံးပြုံးကြီး ပြောနေသော ဘိုးစကားကြောင့် သက်ပြင်း အသာချမိသည်။ ဘာအနံ့ အရသာမှ ရှိမည် မဟုတ် သော ထိုတောဝက်သား ရေလုံပြုတ်ကို တရှိုက်မက်မက် စားနေရရှာမည့် ဘိုးကို တွေးရင်း သနားမိသည်။
ဘိုး။ ။ပြီးတာနဲ့ ခရီးဆက်တော့ အဲဒီ တောဝက်သားတွေကို ၀ါးကျည်တောက် ထဲသိပ်ထည့်ပြီး သယ်သွားရတာ မြေးရဲ့။ ခုခေတ်လို ရိက္ခာတပ် ရှိတာ မဟုတ်တော့ လမ်းမှာ ရိက္ခာဆိုလို့ ဒါလေးပဲရှိတာလေ။ ကံဆိုးချင် တော့ အင်္ဂလိပ်တပ် ဆင်းအလာနဲ့ ပက်ပင်းတိုးပြီး တိုက်ပွဲ ဖြစ်ကြပြန်ရော … အင်း .. ၂ည ၃ရက် ကြာ တယ်။ ဘိုးတို့ ဘက်က ဒဏ်ရာရတာ ၁၀ ယောက်၊ သူတို့ဘက်က တပ်လုံးပြုတ်ပဲ။ နားရင်း စားမယ် ဆိုတော့ တောဝက်သား တွေက သိုးနေပြီလေ။ ရဲဘော်တချို့ တောထဲဝင်ပြီး စားစရာ ရှာတော့ တော ငှက်ပျော ၂ခိုင်နဲ့ ငှက်လေး ၅ကောင် ရလာရော။ ငှက်လေးကင်ပြီး တောငှက်ပျောနဲ့ ဗိုလ်အောင်ဆန်း စားဖို့ ပြင်ပေးတော့ ဟန်းကောလေး ကိုင်ပြီး မင်းတို့ရော ဘာစားမလဲတဲ့။ တုန်နေအောင် ဗိုက်ဆာ နေရက် နဲ့ ဘိုးတို့ကို ပြန်မေးရှာတယ်။ ဘာမှ ပြန်မဖြေတော့ လိုက်ကြည့်ရော။ ဒီမှာတင် တောဝက်သား အသိုးတွေ ကို နှာခေါင်းပိတ်ပြီး အတုံးလိုက် မျိုချနေရတဲ့ ရဲဘော်တွေကို သူမြင်သွားတယ်။
မြေး။ ။အဲဒီတော့
ဘိုး။ ။အဲဒီတော့ ဗိုလ်အောင်ဆန်းက သူ့လက်ထဲက ငှက်လေး ၅ကောင်ကို ထက်ခြမ်းခြမ်းပြီး ဒဏ်ရာရနေတဲ့ ရဲဘော် ဆယ်ယောက်ကို လိုက်ဝေတယ်။ ရဲဘော်တွေကလဲ ဗိုလ်အောင်ဆန်းကို တအား လေးစား ကြောက်ရွံ့ ကြတော့ မငြင်းရဲဘူး။ တောငှက်ပျောသီး တွေကို အားလုံးကို လိုက်ဝေတယ်
မြေး။ ။အဲဒီတော့ သူဘာစားလဲ
အလိုက်ကမ်းဆိုး မသိနိုင်တော့ လောက်အောင် စိတ်လှုပ်ရှားမိသော ကျွန်မရဲ့ မေးခွန်းအဆုံးမှာ မျက်ရည် တစ်ပေါက် ဘိုးမျက်လုံးမှ ပေါက်ကနဲ ကျလာသည်
ဘိုး။ ။ဗိုလ်အောင်ဆန်းလေ… ရဲဘော်တွေနဲ့ အတူ တောဝက်သား အသိုးတွေကို နှာခေါင်းပိတ်ပြီး မျိုချခဲ့တယ် မြေးရယ်
အဘိုးစကားအဆုံးမှာ ကျွန်မ စိတ်မထိန်းနိုင်ဘဲ ငိုမိပါသည်။ သြော်… ခေါင်းဆောင် အဖြစ်ကြီး ဖြစ်ထိုက် ပြီး အာဇာနည် အပီသကြီး ပီသလှ ပါပေသော ဗိုလ်ချုပ်အောင်ဆန်း ပါပေ။ ခေါင်းဆောင်မှုပိုင်းတွင် အရည်အချင်းရော၊ အရည်အသွေးပါ အပြည့်ဝကြီး ပြည့်ဝလှပါသော၊ ရန်သူနဲ့ ရင်ဆိုင်ရာတွင် တိုက်ရည်ခိုက်ရည် စစ်သေနင်္ဂ ဗျူဟာ မြင့်မားပြတ်သားသလောက် ကိုယ့်လူမျိုး ကိုယ့်ရဲဘော်များ အပေါ် တွင်ကား ညှာတာသနား တတ်လှသော၊ စိတ်ထား မြင့်မြတ် သိမ်မွေ့လှပါသော ဗိုလ်ချုပ်အောင်ဆန်း။ သည်လို ဗိုလ်ချုပ်ကိုမှ ရက်ရက်စက်စက် လုပ်ကြံရက်သော မသမာသူ လူယုတ်မာတစ်စုတွင် စေတနာကို ခံစားတတ်သော လူ့နှလုံးသား မရှိရုံမက အကောင်း အဆိုးကိုပါ ခွဲခြားတတ်သော ဦးဏှောက်ပင် ရှိမည် မထင်။ ဇူလိုင် (၁၉)ရက်… စနေနေ့။ ခြင်္သေ့သားကို မြေခွေးစားသောနေ့။ အာဇာနည်ရဲ့ ခေါင်းဆောင်မှုနဲ့ စိတ်ထားကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရတော့ သူ့ကိုဆုံးရှုံးမှုအတွက် ပိုပြီး နင့်နင့်နဲနဲ နှမြော မိသည်။ တသိမ့်သိမ့်ရှိုက်ငိုမိသော ကျွန်မရဲ့ ဦးခေါင်းကို ဘိုးက အသာပွတ်ရင်း
ဘိုး။ ။အဲဒီနေ့က ဘိုးတို့အားလုံးလဲ ငိုခဲ့ကြရပါတယ်မြေးရယ် တဲ့
အားရအောင်ငိုပြီး စိတ်နည်းနည်းပေါ့သွားမှ ရှိုက်ရင်း ခေါင်းမော့လိုက်တော့ မိုးတောင် တဖွဲဖွဲရွာနေရာက စဲသွားပြီဖြစ်လေသည်။ ဘိုးလည်း မျက်ရည်သုတ်နေလေပြီ။
မြေး။ ။ဒီအကြောင်းတွေကို စာအုပ်တွေထဲမှာ တခါမှ မြေး မဖတ်ခဲ့ရဖူးဘူး ဘိုးရယ်။ ဘာလို့ မရေးကြ တာလဲ။
ဘိုး။ ။ဗိုလ်ထွန်းလှ ကိုယ်တိုင် ရေးသမျှလေးတောင် ထုတ်ဝေ ဖြန့်ချီခွင့် မရအောင် ပိတ်ထားခဲ့တာတွေ အများကြီး ပါပဲ မြေးရယ်။ တခြားလူ ရေးတာတွေလဲ ပုံနှိပ်ဖြန့်ချီခွင့်က ရဦးမှကိုး မြေးရဲ့။ ဗိုလ်အောင်ဆန်း အကြောင်းက သိသမျှသာ ချရေးရရင် ခေါင်းဆောင်ပုံ နည်းလမ်းချင်း ယှဉ်ရင် နောက်ကြောင်း မလုံသူ တွေ ရှက်တတ်ရင် လဲသေဖို့တောင် ကောင်းတာကိုး။
မြေး။ ။ဒါဖြင့် ဘိုးက ဘာလို့ တပ်ထဲက ထွက်လိုက် ရတာလဲ။ ဒဏ်ရာများ ရခဲ့လို့လား ဘိုးရယ်
ဘိုး။ ။ဘီအိုင်အေကို ဘီဒီအေ ပြောင်းဖွဲ့တော့ ရဲဘော်တချို့ တပ်ထဲက မထွက်မနေ ထွက်ခဲ့ရတယ်။ အမြော်အမြင် ကြီးတဲ့ ဗိုလ်အောင်ဆန်းက ဗိုလ်ချုပ်အောင်ဆန်း ဖြစ်နေပြီ။ သူက တချိန် သည်စစ်အင်အား ပြန်လိုအပ်ရင် လိုအပ်မှာမို့ ထွက်တဲ့ ရဲဘော် တွေကို လိုအပ်ရင် ပြန်စုနိုင်ဖို့ ရည်ရွယ် စီစဉ်ခဲ့ တယ်လေ။ ဘိုးကတော့ စိတ်ထဲမှာ တောဝက်သားကို တော်တော် ခံစား လိုက်ရတော့ နောက်တကြိမ် ဗိုလ်ချုပ် ဘယ်တော့မှ တောဝက်သား အသိုးကို နှာခေါင်းပိတ်ရင်း မျိုမချရ စေရဘူးလို့ ဆုံးဖြတ်ရင်း တပ်ကနေ ကိုယ့်သဘော နဲ့ကိုယ် ထွက်ခဲ့တယ်။ ပြီးတော့ ဗိုလ်အောင်ဆန်းနဲ့ စတွေ့တဲ့ တပ်ထွက်ခဲ့တဲ့ သည်ဘုရား ရှေ့မှာ အိမ်ဝယ်ပြီး နေခဲ့တယ်။ ကုန်သည်လုပ်ရင်း ရိက္ခာတပ်ကို တိတ်တိတ် ထောက်ပံ့ခဲ့တယ်။
သြော်.. လက်စသတ်တော့ ဒီလိုကိုး။ ဒါကြောင့် အာဇာနည်နေ့တိုင်း ဘိုးက ဆွမ်းကပ်အမျှဝေ ဥပုသ်ယူ နေခဲ့တာကိုး။ ကျွန်မလည်း သည်ညနေတော့ ညစာ စားနိုင်တော့မယ် မထင်ပါ။ ရင်ထဲမှာ ဆို့နင် နာကျင်နေသည့် ဝေဒနာကို ခံစားရင်း ကိုယ်တိုင်မကြုံခဲ့ဘဲ တဆင့်ကြား ဖြစ်သော ကျွန်မပင် သည်လို ခံစားရရင် ဘိုးကတော့ ပိုလို့ ခံစားရမှာ သေချာလေသည်။
မြေး။ ။ဘိုးက တော်လိုက်တာ… စစ်လဲတိုက် တတ်တယ်၊ ကုန်သည်လဲ လုပ်တတ်တယ်နော်
ဘိုး။ ။မုဆိုး စိုင်သင်တဲ့ မြေးရဲ့.. ဘိုးလည်း ဘယ်ကုန်သည် လုပ်တတ်မှာလဲ. ခံစားချက်က ရှိနေတော့ ငါရှာရသမျှ ငါ့ဖို့မဟုတ်ဘူး။ သူများဖို့ ဆိုတဲ့ စိတ်ဓာတ်က ရှိနေတော့ ရိုးသား ကြိုးစားတဲ့သူမှာ သူ့စိတ်က သူ့ကိုပြန် ထောက်ပံ့ တတ်တယ် မြေးရဲ့
ဒါနဲ့ ဘိုးချမ်းသာ လာတော့ ပြည်သူပိုင် သိမ်းခံရရောပေါ့
၆၂ခုနှစ် အာဏာသိမ်းပွဲအပြီးတွင် စည်းစိမ်သိမ်းပွဲ အဖြစ် ပြည်သူပိုင် သိမ်းခံရသည် ဟု ကြားဖူးသဖြင့် ကျွန်မ သတိတရ မေးလိုက်မိသည်
ဘိုး။ ။ဘိုးရဲ့ ငွေတွေ ပစ္စည်းတွေက ပြည်သူ တကယ် ပိုင်သွားပါတယ် မြေးရယ်။ အာဏာရှင်တွေ မပိုင်စေရပါဘူး
မြေး။ ။ဟင်.. ဘိုးဘယ်လိုလုပ်လိုက်လို့လဲ
ဘိုး။ ။ဘိုးကုန်တိုက်ကို လာသမျှ စတုဒိသာ ဝေပစ်လိုက် တယ်လေ မြေးရဲ့.. ချစ်တီးဆီက ပြန်ဝယ်ထားတဲ့ ယာမြေတွေကို လုပ်သမျှ အလုပ်သမားတွေ ပိုင်စေ၊ ဆေးတိုက်ကို ပြည်သူ့ ဆေးရုံကိုလှူ၊ ကုန်ကားတွေကို မောင်းသူ ပိုင်စေလို့ လွှဲပေးလိုက် တာပေါ့။ ပြည်သူပိုင်ဆိုတာ ပြည်သူ တကယ် ပိုင်သင့်တယ်လို့ ဘိုးက ယူဆထားတယ်လေ။ စကတည်းက ဘိုးက ဘိုးအတွက် ရှာခဲ့တာမှ မဟုတ်တာမြေးရဲ့။ လွတ်လပ်ရေး ရအောင် တိုက်တာလဲ ပြည်သူအတွက်၊ တိုင်းပြည်ပြန်လည် ထူထောင်ရေးအတွက် ငွေရှာတာလဲ ပြည်သူ့ အတွက်၊ သည်လို ရှာထားတဲ့ ငွေတွေဟာလည်း ပြည်သူ့အတွက်ပဲလေ။ သည်တော့ ပြည်သူပိုင် သိမ်းတဲ့ ကိစ္စမှာတော့ ဘိုးအတွက် ဘယ်လိုမှ မခံစားရပါဘူးမြေးရယ်။ ဘိုးက အသက်ကိုတောင် ပြည်သူ့အတွက် ပေးထားခဲ့သေးတာပဲ။ သည်လိုနေ့မှာပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီး ၈ယောက်လဲ တိုင်းပြည်အတွက် ကြိုးစားလုပ်ဆောင်ကြလို့ မလိုသူတွေ လုပ်ကြံလို့ အသက်ပေးခဲ့ ကြရတာလေ။ တကယ်တော့ သူတို့ဟာ အစောကြီးကတည်းက သတ်ကွင်းတိုက်ပွဲတွေ၊ လုပ်ကြံမှုတွေကို အလီလီ ကျော်ဖြတ်ပြီး တိုင်းပြည်အတွက် အသက်ပေး ထားကြပြီးသားပါ။ အသတ်ခံရနိုင်တယ် ဆိုတာ အစောကြီး ကတည်းက သိသိနဲ့ တိုင်းပြည်လွတ်လပ်ရေး၊ တို့တမျိုးသားလုံး လွတ်လပ်ရေးအတွက် အသက်စွန့် ဆောင်ရွက်နေခဲ့ကြတာပါ။ လုပ်ကြံခံရတယ် ဆိုတာထက် အသက်ပေးလှူမှု ပြီးမြောက်သွားတယ်လို့ ယူဆရမှာပါ မြေးရယ်။ သူတို့ရဲ့ အသက်ပေးမှု ဟာလည်း အလကား မဖြစ်ဘဲ နောင်လာနောင်သားတွေ အတွက် အာဇာနည်ဆိုတာ ဘာလဲဆိုတာ ဥပမာပြစရာ၊ ဂုဏ်ယူစရာ၊ နမူနာယူစရာ ပြယုဂ်အဖြစ် ကျန်ခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့ အသက်ပေးမှုဟာ တိုင်းပြည်အတွက် တဖက်က နစ်နာဆုံးရှုံးမှု ဖြစ်ပေမယ့် နောင်လာနောင်သားတွေကို ရှားပါးမွန်မြတ် အဖိုးတန်လှတဲ့ အာဇာနည် စိတ်ဓာတ်နဲ့ လုပ်ရပ်တွေ လက်ဆင့်ကမ်း ပေးနိုင်ရင် ဒါဟာ အရှုံးထဲက အမြတ်ပဲပေါ့ မြေးရယ်
ဘိုးစကားအဆုံးမှာ ကြက်သီးဖြန်းဖြန်း ထသွားသည်ကို ကောင်းစွာခံစားလိုက်ရသည်။ ဟုတ်ပါသည်။ တတိုင်းပြည်လုံးက ပြည်သူတွေရဲ့ ဘ၀များစွာအတွက်၊ ထိုပြည်သူများမှ မွေးဖွားလာမည့် နောင်လာ နောင်သား မြန်မာလူမျိုးပေါင်းများစွာရဲ့ ဘ၀တွေအတွက် လွတ်လပ်ရေးရဖို့ ဗိုလ်ချုပ်အောင်ဆန်း နဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးများ သူတို့ရဲ့ တစ်ဘ၀စာ စဉ်းစား၊ ကျင့်ကြံ၊ နေထိုင်၊ လုပ်ကိုင်ပုံများ နမူနာယူဖွယ် ချန်ရစ်ခဲ့မှုနှင့် တိုင်းသူပြည်သားများအတွက် အသက်ပေးလှူမှု မွန်မြတ်စွာ ပြီးမြောက်သွား သောနေ့။ ဇူလိုင် ၁၉ရက် စနေနေ့။
သည်နေ့သည် ကျွန်မရဲ့ ဘ၀တွင် အတွေးတွေ၊ ခံယူချက်တွေ၊ စဉ်းစားတွေးခေါ်ပုံတွေ အမှောင်ကင်းပြီး အလင်းတန်း ဖြာဝေ တောက်ပ လာသောနေ့။ ၀မ်းနည်းမှု မိုးတိမ်များကြားက အသိတရားကို အခြေခံ သော အတွေးများ၊ သံန္ဒိဌာန် နေခြည်များ ၀င်းလက် တောက်ပစွာ ဖြာဝေ လာသောနေ့။ ဇူလိုင် ၁၉ရက်နေ့။ အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ နေ့။

Wednesday, July 11, 2007

အမယ်လေးဟဲ့.. နိုင်ငံခြားဖြစ်ပစ္စည်း

မန်မာလူမျိုး အများစုသည် နိုင်ငံခြားဖြစ် ပစ္စည်းဆိုလျှင် အလွန်အထင်ကြီး ကြပါသည်။ နိုင်ငံခြားပြန် လက်ဆောင် ဆိုလျှင် ကောင်းသည် ချည်းသာဟု ထင်မှတ်တတ် လွန်းကြပါသည်။ ကိုလိုနီ ခေတ်နှောင်း ပိုင်းမှ စကာ ဆိုရှယ်လစ်ခေတ် အတွင်းတွင် အနောက်နိုင်ငံများ ဖြစ်သော အင်္ဂလန်၊ ဂျာမနီစသော နိုင်ငံ များမှ ပစ္စည်း များကို ကိုယ်သုံးစွဲ နိုင်သော ငွေကြေးအလိုက် အထင်တကြီး ၀ယ်ယူသုံးစွဲ ခဲ့ကြသည်။ နောက် ပိုင်းခေတ်များတွင် တိုင်းပြည်ဧ။် စီးပွားရေး အလိုက် ငွေကြေး တတ်နိုင်လွန်း သူများက အမေရိကန်စသော အနောက်နိုင်ငံလုပ် ပစ္စည်း၊ ငွေကြေး အသင့်အတင့် တတ်နိုင်သူ များက တရုတ်နှင့် ထိုင်းနိုင်ငံလုပ် ပစ္စည်းများကို အထင်တကြီး ၀ယ်ယူသုံးစွဲ ကြပါသည်။ ထိုပစ္စည်းများဧ။် အရည်အသွေးကို စိစစ်ပြီးမှ သုံးစွဲမှုမှာမူ လွန်စွာ ရှားပါးပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံ များနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် စစ်မှန်သော ဈေးကွက် စီးပွားရေးစနစ် ကြောင့် ပြည်ပမှ ပစ္စည်းများကို ပြည်တွင်း သို့ တင်သွင်းနိုင်ရေး စစ်ဆေးမှု ပေါင်းစုံ ပြုလုပ်ပြီး သုံးစွဲသူ အတွက် မည်သည့် အန္တရာယ်မှ မရှိကြောင်း စိတ်ချရမှ တင်သွင်းခွင့် ရကြသည်မှာ ထုံးစံ ဖြစ်ပါသည်။ မကောင်းသော ပစ္စည်းကို တင်သွင်းသော ကုမ္မဏီ မှာလည်း မစားသာ။ မိမိ ပစ္စည်း မကောင်းပါက မိမိဧ။် ပစ္စည်း မျိုးကို ပိုကောင်းသည့် အရည်အသွေးဖြင့် သူတပါးက လွတ်လပ်စွာ တင်သွင်းခွင့်နှင့် စိတ်ကြိုက် ပြိုင်ဆိုင် ရောင်းဝယ်ခွင့် ရှိနေလေရာ မိမိဧ။် ဈေးကွက် သူတပါးလက် ရောက်မည်မှာ မုချ။ နိုင်ငံတော် မှပင် တရားလို ပြုကာ တရားစွဲလည်း ခံရဦးမည်မှာ မလွဲဧကန်။ ထို့ကြောင့် မကောင်းသော ပစ္စည်းများကို နိုင်ငံတွင်း မသွင်းရဲ ကြပါချေ။ သို့သော် ဖွံ့ဖြိုးမှု အနည်းဆုံး စာရင်းဝင် နိုင်ငံများ တွင်မူ အာဏာရှင် စနစ် လက်အောက်မှ လာဘ်ပေး လာဘ်ယူ ကုန်သွယ်ရေး စနစ်တွင်မူ လွတ်လပ်မှု မရှိသော၊ တန်ပြန် စစ်ဆေးခွင့် မရှိသော စီးပွားရေး စနစ်တွင် တရားဝင်နှင့် တရားမ၀င် မှောင်ခို စီးပွားရေးကြောင့် နိုင်ငံခြားမှ ၀င်ရောက်လာသော ပစ္စည်းများကို သုံးစွဲသူအတွက် အန္တရာယ် ရှိမရှိ စစ်ဆေးပြီးမှ တင်သွင်းမှုမှာ လုံးဝ မရှိသလောက် ဖြစ် လာပါတော့သည်။ မြန်မာနိုင်ငံတွင်းသို့ ယနေ့ခေတ်တွင် ၀င်ရောက်သော မှောင်ခို ပစ္စည်းများ အနက် လယ်ယာသုံး မြေသြဇာ၊ စားသောက်ကုန်နှင့် အလှကုန် ပစ္စည်းများမှာ တရုတ်၊ အိန္ဒိယ နှင့် ထိုင်းနိုင်ငံ တို့မှ အများဆုံး ၀င်ရောက် လျက်ရှိရာ ထိုင်းနိုင်ငံထုတ် ပစ္စည်းများမှာ နာမည် အကြီးဆုံးနှင့် ကောင်းသည်ဟု လူထင်ခံရဆုံး ဖြစ်နေပါသည်။ ထိုင်းနိုင်ငံသည် တရားလွန် လှချင်သူတို့ စုဝေးရာ၊ အကြောက်အလန့် မရှိ လှချင်တာ ကိုသာ ဦးစား ပေးသောသူ တို့ကို စီးပွားရေးသမား များက တရားလွန် အမြတ် ထုတ်ရာ နေရာဖြစ်ပါသည်။ ထိုင်းနိုင်ငံလုပ် ဘေဘီဖေ့စ်ခေါ် မျက်နှာသစ် ဆပ်ပြာ Baby Face သည် အလှကုန် ထုတ်လုပ်ရေးတွင် ဆေးဖက် အ၀င် ဆုံးနှင့် အကောင်းဆုံးဆု ရရှိခဲ့ပြီး ရောင်းအကောင်းဆုံး နံပါတ်တစ် အဖြစ် ယနေ့တိုင် စာရင်းဝင်ဆဲ ဖြစ်ပါသည်။ သူဧ။် ကြော်ငြာတွင် သဘာဝနှင်းဆီပွင့်ဧ။် အဆီအနှစ်များနှင့် သဘာဝသစ်ဥ သစ်ဖုများဖြင့် စီရင် ထားသောကြောင့် သုံးစွဲပြီးပါက မျက်နှာရှိ အရေပြားများ ပြန်လည် တင်းရင်းလာပြီး ကလေးငယ်ဧ။် မျက်နှာသဖွယ် အရေးအကြောင်း ကင်းစေကြောင်း ကြော်ငြာလေသည်။ လက်တွေ့တွင်လည်း ထိုသို့ကြော်ငြာ သည့်အတိုင်း မျက်နှာအရေ တင်းသွားသောကြောင့် မျက်လုံးအောက်ရှိ အရေးအကြောင်းများ ပျောက်ကွယ် သွားသဖြင့် တော်တော် ကောင်းသယောင် ရှိနေခဲ့ပါသည်။ သို့သော် ပြောသလို ဟုတ်မဟုတ် သံသယ ကြီးသူတစ်ဦးက ဓာတ်ခွဲခန်းတွင် စမ်းသပ် ကြည့်သောအခါ နှင်းဆီအနှစ် တော့မပါ၊ ဖီနောခေါ် ဓာတုပစည်း တစ်မျိုးကိုသာ တွေ့ရသောကြောင့် တော်တော်ကြီး ကြောက်လန့်မိ သွားရလေသည်။ ထိုဖီနောသည် အဆိပ်တစ်မျိုး ဖြစ်ကာ လူ့အသားအရေ များကို ထိမိပါက ရောင်ရမ်း တင်းမာစေသော သတ္တိ ရှိလေသည်။ ကြာရှည်ထိတွေ့မှု များလာသောအခါ ထို အဆိပ်သည် အရေပြားကင်ဆာ ဖြစ်စေနိုင်သည် အထိ အဆိပ် ပြင်းလေသည်။ သို့သော် တရား ဥပဒေဧ။် အထက် တွင် ငွေနှင့် မာဖီးယား ဂိုဏ်းသားများ ရှိသော ထိုင်းနိုင်ငံတွင် သည်အကြောင်းကို ထိုင်းပညာရှင်များ ကိုယ်တိုင် သိသော်လည်း မဖော်ထုတ်ရဲ ကြပါချေ။ လှချင်ဇောဖြင့်နေ့စဉ်နေ့တိုင်း မိမိမသိလိုက်ရဘဲ ကိုယ့်ကိုယ်ကို အရေပြားကင်ဆာ ရောဂါရှင်ဖြစ်အောင် ငွေကုန်ခံ အလှပြင် နေရသော ဘ၀ကို ကိုယ့်ကိုယ်ကို အရောက် မခံရစေ လိုသော စေတနာဖြင့် အသက်ကို ရင်းပြီး သတိပေးရခြင်း ဖြစ်ပါသည်။ သည်ဥပမာသည် နမူနာများစွာမှ တစ်ခု မျှသာ ဖြစ်လေသည်။ သည်ပစ္စည်းပင် သည်လိုဖြစ်လျှင် အခြားအရာ များကိုကား ပြောစရာ မလို ထင်ပါဧ။်။ထိုမျှသာမက သေးပါချေ။ ဈေးလျှော့ ရောင်းသော လမ်းဘေးဆိုင် များက အလှကုန် ပစ္စည်းများ ကို ၀ယ်ယူ သုံးစွဲခြင်း မပြုဘဲ နာမည်ကြီး စတိုးဆိုင်ကြီးများတွင် ဈေးတင် ရောင်းသော အလှကုန်များ ကိုသာ ၀ယ်ယူ သုံးစွဲ ရန် ထိုင်းသူငယ်ချင်းက သတိပေး သောအခါ မည်သည့်ကြောင့်ဟု မေးမိပါသည်။ စက်ရုံ များက သူ့နည်းလမ်း ဖော်မြူလာဖြင့် ထုတ်လုပ် သော်လည်း စက်ဧ။် အမှားကြောင့် ဖြစ်စေ၊ လူ့အမှား ကြောင့်ဖြစ်စေ၊ မတော်တဆ ဖော်မြူလာ မှားသွားသော အလှကုန် ပစ္စည်းများကို စည်းမျဉ်း ဥပအေရ ဖျက်ဆီး မြေမြုပ် ပစ်ရလေ့ ရှိသော်လည်း ထိုပစ္စည်းပျက်များကို လှပသော ထုပ်ပိုးပြင်ဆင်မှု များဖြင့် ဆွဲဆောင်မှု ရှိအောင် ပြင်ဆင်ပြီး ဈေးကွက်တွင်းတွင် အချို့က လျှော့ဈေးဖြင့် ပြန်လည် ရောင်းချတတ်သည်ဟု ပြောလေသည်။ ထိုနေ့မှစကာ စာရေးသူသည် မည်သည့်အခါမှ ထိုင်းနိုင်ငံလုပ် အလှကုန်ကို မသုံးစွဲ တော့ပါချေ။ တိတ်တဆိတ် လိုက်လံ စုံစမ်းကြည့် သောအခါတွင်ကား မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံ နယ်စပ်များရှိ မှောင်ခို ဈေးကွက်များတွင် တွေ့ရသမျှ အလှကုန် ပစ္စည်းများနှင့် စားသောက်ကုန် များမှာ ထိုကဲ့သို့သော ပစ္စည်းများချည့် လိုလိုသာ ဖြစ်နေသည်ကို တွေ့ရလေသည်။ အချို့ ဂိုထောင်များ တွင် ရက်လွန် စားသောက်ကုန်နှင့် အလှကုန်များကို ထုတ်ပိုးထားသော အိတ်များ၊ ပုလင်းများကို ဖွင့်ဖောက်ပြီး အိတ်သစ်၊ ပုလင်းသစ်များဖြင့် ပြန်လည် ထုတ်ပိုး ပြင်ဆင် လိုက်သောအခါ ရက်လွန် ပစ္စည်းများ သည် ရက်စွဲ အသစ်ဖြင့် လှပတင့်တယ် ရှုချင်စဖွယ် ပြန်ဖြစ်သွားလေသည်။ ထိုပစ္စည်း များကို နိုင်ငံခြား ဖြစ်ကြိုက်သူများက အဆိပ်မှန်းမသိ တမက်တမော ၀ယ်ယူသုံးစွဲကြပေဦးမည်။ သည်ကိစ္စသည် စိတ် ကူးယဉ် မဟုတ်၊ သူတပါးကို မဟုတ်မဟတ် စွပ်စွဲ အပုတ်ချခြင်း မဟုတ်။ မယုံလျှင် ကိုယ်တိုင် နယ်စပ်တွင် သွားရောက် စုံစမ်း တွေ့ရှိနိုင်သည့် ကိစ္စများ ဖြစ်လေသည်။ ထိုင်းနိုင်ငံသည် သဘာဝ ပထ၀ီ အနေအထား အရ အဆိပ်ကြောများ ရှိသော နိုင်ငံတစ်ခု ဖြစ် ပါသည်။ ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ တပ်ခ်ခရိုင်သည် Cadmium အဆိပ်သင့်နေပြီး ထိုအဆိပ်သည် ဦးဏှောက်နှင့် အာရုံကြောကို ကောင်းကောင်း အန္တရာယ်ပေးပါသည်။ သို့သော် မြန်မာနိုင်ငံ ကယားနှင့် ကရင်နယ်စပ်တွင် ရှိသော ထိုခရိုင်ထွက် စပယ်ဆန်မွှေးကို မြန်မာ ကြေးရတတ်တို့ တမက်တမော ၀ယ်ယူ စားသုံး နေကြချေသည်။ ထိုင်းများကတော့ စပါးပင်ကို အသုံးချကာ သူတို့မြေထဲမှ အဆိပ်ကို စပါးမြစ် မှစုပ်ယူစေပြီး သူတို့မြေလည်း အဆိပ်လျော့စေ၊ သူတို့မုန်းသော မြန်မာများလည်း အဆိပ်သင့်စေ၊ သူတို့လဲ ဆန်ရောင်း ရငွေဖြင့် ချမ်းသာ စေသော သည်အကြံကို လွန်စွာ သဘောကျ ကြချေသည်။ ထိုင်းနိုင်ငံ အနောက်ပိုင်းရှိ ကန်ချနပူရီ ခရိုင်သည် မြန်မာနိုင်ငံရှိ တနင်္သာရီတိုင်းနှင့် နယ်နမိတ်ချင်း ထိစပ် နေပြီး ခဲဆိပ် လွန်စွာသင့် နေသော မြေဖြစ်သော်လည်း ထိုနယ်ထွက် ဒူးရင်းသီးသည် ခဲဆိပ်ကြောင့် လွန်စွာ အနံ့အရသာ ပြင်းလေရာ မြန်မာများ လွန်စွာ ကြိုက် သောကြောင့် တကူးတက မှာယူ စားသုံးကြလေ သည်။ ထိုင်းနိုင်ငံ တောင်ပိုင်း နခွန်စီ သမရတ် နယ်သည် စိန်အဆိပ် လွန်စွာ ပြင်းထန်သော နယ်မြေ ဖြစ် သော်လည်း ထိုနယ်မှ စိန်အဆိပ်များကို သီးနှံ စိုက်ပျိုးနည်းဖြင့် ဖယ်ထုတ် သက်သောစေပြီး ထိုသီးနှံများကို သစ်သီးဖျော်ရည် များအဖြစ် ဗူးသွင်းပြီးလျှင် အထက်ပါ ဖွံ့ဖြိုးမှု အနည်းဆုံး အိမ်နီးချင်း နိုင်ငံများသို့ တင်ပို့ ရောင်းချလေသည်။ ထိုအဆိပ်များသည် တစ်ကြိမ်တစ်ခါ သောက်သုံးရုံဖြင့် မည်သည့် ထူးခြားမှုမှ မပြသော်လည်း ထိုအဆိပ်မှာ လူဧ။် ကျောက်ကပ် အတွင်းမှ တဆင့် ဆီးအဖြစ် လုံးဝ ကုန်စင်အောင် ထုတ်ပစ်ခြင်း မပြုနိုင်ပါချေ။ ထိုအခါ ထိုအဆိပ်များသည် လူ့ကိုယ်တွင်းတွင် ခိုအောင်း စုဆောင်းလျက် ရှိကာ ကျန်းမာရေးကို ထိခိုက်စေသော ပမာဏ ဖြစ်လာသည် အထိ စုစည်း နေလေ့ ရှိပါသည်။ အန္တရာယ်ဖြစ်ရန် လိုအပ်သော ပမာဏရောက်မှ စုပြီး အန္တရာယ် ဖြစ်စေ၊ ကျန်းမာရေး ထိခိုက်စေ ပါတော့သည်။ အဖြစ်များဆုံး အန္တရာယ်မှာ ကျောက်ကပ် ပျက်စီးခြင်းနှင့် ကင်ဆာရောဂါ တို့ဖြစ်ပါသည်။ တစ်ခါသောက် သစ်သီးဖျော်ရည် တစ်ဗူးလျှင် ထိုင်းနိုင်ငံ တွင်ပင် အနည်းဆုံး ၁၂ဘတ်ပေးကာ ၀ယ်ယူ သောက်သုံး ရလေရာ ယနေ့ ငွေလဲနှုံးအရ ထိုင်းတစ်ဘတ်လျှင် မြန်မာငွေ ၃၇ကျပ် ရှိလေရာ ၄၄၄ကျပ် ကျသင့်နေပြီ ဖြစ်ပါသည်။ နယ်စပ် အရောက် ဈေးမှာ ခရီးစရိတ်နှင့် ကုန်သည် အမြတ်ငွေ၊ ထိုမှတစ်ခါ နယ်စပ်တွင် တရားမ၀င် ကုန်သွင်းခွင့် အတွက် နားလည်မှုကြေး၊ မြန်မာဘက်ကမ်း နယ်စပ်အရောက် ဈေးနှုံး၊ ထိုမှ တဆင့် နယ်အသီးသီးရှိ တာဝန်ရှိ မှောင်ခို စစ်ဆေးရေး အရာရှိ များနှင့် ဂိတ်ကြီးငယ် တို့အတွက် နားလည် မှုကြေးနှင့် ခရီးစရိတ်များ ထည့်ပေါင်းလျှင် တစ်ခါသောက် အချိုရည် တစ်ဗူးဧ။် ဖြစ်နိုင်ခြေ ရှိသော ဈေးနှုံးကို မှန်းဆနိုင်လေသည်။ သို့သော် အန္တရာယ် ကင်းသော အချိုရည်ကို မြန်မာပြည်တွင် သည်လို ဖြစ်နိုင်ခြေ ရှိသော ဈေးနှုံးဖြင့် ၀ယ်ယူနိုင် ပါသလား။ မြန်မာပြည်တွင်ရောင်းနေသော ဈေးဖြင့် အန္တရာယ် ကင်းသော အချိုရည်ကို မြန်မာပြည် အရောက် မပို့နိုင်ပါချေ။ သည်ဥပမာ ကိုယူပြီး နိုင်ငံခြားဖြစ်များကို မစားသောက်မီ ကောင်းကောင်း စဉ်းစား စေချင်ပါသည်။ သည်အရာများသည် ထိုင်းတစ်နိုင်ငံ တည်းမှ ဖြစ်ရပ်မှန် များသာ ဖြစ်ပါသေးသည်။ အခြား နိုင်ငံများရဲ့ ဖြစ်ရပ်မှန်များကို ကိုယ်တွေ့ မသိသေး သောကြောင့် တပ်အပ် မပြောနိုင် သေးပါချေ။သို့သော် ကိုယ့် နိုင်ငံသားက စားမှာ မဟုတ်ဘူး ဆိုသော စိတ် ထုတ်လုပ်သူများ ထံတွင် ရှိနိုင် မရှိနိုင် ခန့်မှန်း စေချင်ပါသည်။ အကောင်းဆုံး ကတော့ တတ်နိုင်လျှင် ကိုယ်တိုင် ထုတ်လုပ်သော သို့မဟုတ် ပြည်တွင်းဖြစ် ကိုသာ အားပေး စေချင်ပါသည်။ နိုင်ငံခြားမှ ဓာတု ပစ္စည်းများကို တင်သွင်းနိုင်စွမ်း သိပ်မရှိလှသော မြန်မာနိုင်ငံ တွင် သဘာဝ အတိုင်း ရရှိသော ဘေးထွက် ဆိုးကျိုး နည်းပါးလှသော စားသောက်ကုန် များနှင့် အလှကုန် များရှိပါသည်။ ပြည်တွင်းဖြစ် ကိုသာ စိတ်သန့်သန့် ဘေးကင်းကင်း သုံးစွဲသည်က နိုင်ငံခြား ဖြစ်များကို သုံးသည်ထက် မိမိကိုယ်ကို ချစ်ရာ ပိုရောက်ပါသည်။
သစ်တောပြုန်းတီးမှုကြောင့် မြန်မာနိုင်ငံတွင်းရှိ မြေဆီလွှာများ ရေတိုက်စားမှု ကြောင့် မျောပါကုန်ကာ သီးနှံစိုက်ပျိုးရာတွင် အထွက်နှုံး လျော့ကျ သောကြောင့် နိုင်ငံခြားမှ မှာယူ တင်သွင်း ရရာတွင် ထိုင်းနိုင်ငံမှ တင်သွင်းမှု ပမာဏ အလွန် များလေသည်။ ထိုင်းနိုင်ငံတွင်း မြေသြဇာ စက်ရုံသို့ ရောက်ရှိခိုက် စပ်စု ကြည့် ရာ မြန်မာနိုင်ငံသို့ ပို့မည့် ထုတ်ကုန် များကို မြန်မာ နာမည်ဖြင့် အညွှန်း ရေးထားပြီး သီးသန့် ရောင်စုံဖြင့် တွေ့ရသည်။ စာရေးသူကို မြန်မာမှန်း မသိသောကြောင့် ဈေးနှုံးအလိုက် အရည်အသွေး လျော့ကြောင်း ရှင်းပြလိုက် ပါ သေးသည်။ ပါဝင် ဓာတုပစ္စည်း များကို စိစစ်မိသောအခါ တော်တော် စိတ်ဆိုးမိပါသည်။ သဲများ ပေါ်တွင် ဓာတုဆေးရည်များကို ပက်ဖျန်းကာ မြေသြဇာမှုန့် အဖြစ် ထုတ်ပိုး ရောင်းချကြောင်း သိလိုက်ရလေသည်။ သူ့မြေ ပေါ်မှာမို့ စိတ်ထိန်းလျက် အရောင်များ အကြောင်းကို မေးမိပါသည်။ မည်သည့်အတွက် သည်လိုအရောင် ဖြစ်နေရသနည်း ဆိုသော် ပြန်ဖြေပုံက သင်းပါသည်။ မြေသြဇာ အစစ်သည် မည်သည့် အရောင်မျှ မရှိပါတဲ့။ မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများက စာမတတ်သော ကြောင့် အရွက်ဖျန်း မြေသြဇာဆိုလျှင် အစိမ်းရောင်၊ သစ်သီးဖျန်း မြေသြဇာဆိုလျှင် အနီရောင်ဟု ခွဲခြား နိုင်ရန် ဆေးဆိုး ထားပါသတဲ့။ မြန်မာ စိုက်ပျိုးရေး သမားများက သူတို့မြေသြဇာ များကြောင့် သီးနှံများပိုမို အရည်အသွေးကောင်း ပိုမိုရောင်းပန်း လှတာမို့ ကြိုက်သောကြောင့် မြန်မာပြည်ကို များစွာ တင်ပို့ ရောင်းချ ရကြောင်း မဲ့ပြုံးတစ်ဝက်၊ အားရပြုံး တစ်ဝက်နှင့် ရှင်းပြချိန် တွင်ကား စိတ်ဆိုးသည်မှာ ဆိုဖွယ် မရှိတော့ ပါချေ။ သစ်မြစ်က မြေသြဇာကို စုပ်ယူပြီး သစ်ပင်ရဲ့ ပင်စည်၊ အကိုင်းအခက် တို့မှတဆင့် အရွက်၊ အသီးတို့ဆီကို သည်မြေသြဇာများကို ပို့စဉ် ထိုဆိုးဆေး များကလည်း သစ်ရည်ကြော များမှတဆင့် အသီး အရွက်များဆီသို့ ရောက်ရှိ သွားတော့သည်။ မိမိတို့ ဈေးဝယ်သူ များကတော့ ဟင်းရွက်များ စိမ်းနေလျှင် လတ်ဆတ်သည်၊ ဟင်းသီးသစ်သီးများ၊ မုန်လာဥနီများ နီရဲရွှန်းစိုနေလျှင် အရည်အသွေး ကောင်းသည် ထင်ပြီး ၀ယ်ယူ စားသုံးပါမည်။ ထိုအခါ ရသင့်သော အာဟာရများ၊ သစ်သီးဝလံများမှ ထွက်သော သဘာဝ ရောင်ခြယ် ပစ္စည်းများမှ ရသော ဆေးဖက်ဝင် အာနိသင်များ အစား ဆိုးဆေးများသာ အစာများမှ တဆင့် လူ့ကိုယ်ထဲကို ၀င်ရောက်သွား ပါလေတော့သည်။ ထိုဆိုးဆေးများသည် သစ်သီးဝလံ ဆိုးဆေးလော၊ အ၀တ် ဆိုးဆေးလော မေးရာ အလွန်း နုံလွန်းသူကို သနားဟန် အကြည့်ဖြင့် ကြည့်ပြီး သစ်သီးဆိုးဆေးသာ မြေသြဇာမှာ ဆိုးရရင် အရှုံးပေါ်မှာပေါ့ဟု ပြောလေတော့သည်။ သူတို့သုံးသော ဆိုးဆေးမှာ အပေါစားအဖြစ်ဆုံးဖြစ်ပြီး ပါးစပ်ထဲဝင်လျှင် လူ့ကျန်းမာရေး ထိခိုက်စေသော ဆိုးဆေး ဖြစ်လေရာ ထိုမြေသြဇာကို သုံးသရွေ့ စားသုံးသူအားလုံး ကျန်းမာရေး ထိခိုက်တော့မည်မှာ မလွဲဧကန် ဖြစ်လေတော့သည်။ ထို့ပြင် သည်ရွက်ဖျန်းမြေ သြဇာကို သုံးစွဲထားသော ဟင်းရွက်ကို ရေစင်စင် မဆေးဘဲ စားမိပါလျှင် အစာ အဆိပ်သင့်မှုကို ခံစားရပေဦးမည်။ သြော်.. ရက်စက်ပေ့ နိုင်ငံခြားဖြစ်။ နွားချေး၊ ကြက် ချေး၊ လူချေး၊ တီကျစ်စာနှင့် သစ်ရွက်ဆွေး ပေါင်းစပ် ထားသော သဘာဝ မြေသြဇာကို သုံးပြီး စိုက်ပျိုးသော သစ်သီး၊ ဟင်းသီးဟင်းရွက်က ထိုနိုင်ငံခြားဖြစ် မြေသြဇာထက် အဆများစွာ သာလွန်ကောင်းမွန် အာဟာရပြည့်ဝကာ ဘေးကင်းပါသည်။ မိမိဧ။် အသက်တစ်ချောင်းနှင့် ကျန်းမာရေးအတွက် ထိုင်းနိုင်ငံ ဖြစ်မှမဟုတ်၊ အခြား နိုင်ငံခြားဖြစ် များကိုပါ အထူး သတိဝီရိယ ထားကာ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက် နိုင်ရန် စူးစမ်း ဆင်ခြင်ကြ ပါရန်နှင့် နိုင်ငံခြားဖြစ်များကို မျက်စေ့မှိတ် အထင်ကြီးမှုများကို နည်းနည်း သတိအသိထားကာ စူးစမ်းပြီးမှ အထင်ကြီးသင့်မှ အထင်ကြီးရန်နှင့် အချိန်တို ကာလ အတွင်းတွင် အဆင် ပြေလျှင် ပြီးရောဆိုပြီး မိမိဧ။်အသက်နှင့် ကျန်းမာရေးကို မေ့လျော့မှုများ မရှိရလေအောင် သတင်းပေးရ ခြင်းဖြစ်ပါသည်။

ယနေ့ခေတ်ရဲ့ အမှန်တရားများ

သမိုင်းထဲကငါတို့ အချိန်တွေထဲမှာ ဆန့်ကျင်ဘက် ဖြစ်လာနေတာ တွေကတော့ ... အဆောက်အဦးတွေ မြင့်လာသလောက် စိတ်ရှည်မှုတွေ တိုတောင်းလာတာ၊ အဝေးပြေး လမ်းမကြီးတွေ မြင်ကွင်းကျယ် လာသလောက်၊ လူတွေကြည့်တတ်ကြတဲ့ ရှုထောင့်တွေ၊ အမြင်တွေ ကျဉ်းလာတာ၊ ပိုသုံးသလောက် နည်းပါးစွာ ရလာတာ၊ ပိုဝယ်သလောက် အကြိုက်နည်း လာတာ တွေပါ။ပိုင်ဆိုင်မှုတွေအဆတိုး လာသလောက် တန်ဖိုးတွေက လျော့ကျလာခဲ့တယ်။ အများကြီး ပြောခဲ့ပေမယ့် တကယ်ချစ်ခဲ လာတယ်။ ပြီးတော့ မကြာခဏ မုန်းလိုက်သေးတယ်။ ဘ၀မှာ ဘယ်လိုရုန်းကန် ရှင်သန်မလဲ ဆိုတာကို သင်ယူနေကြပြီး ဘ၀ကိုဘယ်လို နေထိုင်မလဲ ဆိုတာကို မသင်ကြဘူး။ အချိန်ကာလ နှစ်တွေကို အသက်ထဲ ပေါင်းထည့်နေပြီး အသက်တွေကို အချိန်ကာလတွေထဲ ပေါင်းမထည့်ကြဘူးလပေါ်ကို သွားချည်ပြန်ချည် လုပ်ခဲ့ပြီးပေမယ့် လမ်းကို ဖြတ်ကူးပြီး အိမ်နီးချင်းကို တွေ့ဆုံဖို့ကို ခက်ခဲ နေခဲ့ကြတယ်။ ကိုယ့်ကိုယ်ရဲ့ အပြင်ဘက်ကို အာကာသ အပြင်ဘက်ထိ ရောက်အောင် စူးစမ်းကျူးကျော် နယ်ချဲ့သလောက် ကိုယ့်ကိုယ်ရဲ့ အတွင်းစိတ်ကိုတော့ နည်းနည်းမှ ပြန်မသုံးသပ် ကြဘူး။
လေထုကိုသန့်စင်နေကြသလောက် ကိုယ့်စိတ်ရင်းခံ လေးကို ညစ်ညမ်း စေခဲ့ကြတယ်။ အက်တမ်တွေကို ခွဲထုတ်နေကြ သလောက် ကိုယ့်ရဲ့ သဘောထား အမြင်တွေကို ဆုံးဖြတ်ရာမှာ ရှုထောင့်စုံကနေ မှန်မှန် ကန်ကန် ခွဲခြားဝေဖန် သုံးသပ်မှု မရှိကြဘူး
ဝင်ငွေတွေမြင့်မားလာသလောက် ရိုးသားမှု ဆိုင်ရာ ကိုယ်ကျင့်တရားတွေ နိမ့်ပါးလာ ခဲ့ကြတယ်။ အရေအ တွက်တွေ အပေါ် ပြင်းပြင်းပြပြ ဆန္ဒရှိနေ ခဲ့သလောက် အရည်အသွေး တွေကို မေ့လျော့လာ နေကြတယ်။ အရပ်ရှည်ဖို့ ကြိုးစားလာ သလောက် ကိုယ်ကျင့်သိက္ခာ တရားတွေ တိုဝင်လာ နေကြတယ်။ အမြတ်အစွန်း နက်နဲမှုကို ဂရုစိုက် သလောက် ယုံကြည်စွာ ဆက်ဆံနိုင်တဲ့ ရင်းနှီးကျွမ်းဝင်မှုတွေ တိမ်ကောလာ နေကြတယ်။
လက်ရှိကာလဟာ ကမ္ဘာ့ငြိမ်းချမ်းရေးလို့ ကြွေးကြော်ရင်း ပြည်တွင်းစစ်တွေ ဖြစ်ပွားနေတဲ့ ကာလ။ အားလပ်ချိန် များသလောက် ပျော်ရွှင်ချိန် နည်းလာတဲ့ ကာလ။ စားစရာမျိုးစုံ ပေါများစွာ ပေါ်ပေါက် လာသလောက် အဟာရ နည်းတဲ့ကာလ။ သည်နေ့တွေဟာ ၀င်ငွေနှစ်ခုနဲ့ အိမ်ထောင်ကွဲတွေ များနေတဲ့နေ့။ ပိုနေချင်ဖွယ် ကောင်းလာတဲ့ အိမ်တွေနဲ့ ပြိုကွဲမှုပိုပြီး များလာတဲ့ အိမ်ထောင်စု တွေရဲ့နေ့။
သည်နေ့တွေဟာ ခင်းကျင်းပြသ ထားတာ များသလောက် ကုန်သိုလှောင်ရုံ ထဲမှာ ဘာမှမရှိတဲ့ အဖြစ်အပျက် တွေရဲ့နေ့။ နည်းပညာဟာ စာရှုသူတွေထံကို သည်စာကို သယ်ဆောင် လာတဲ့နေ့။ စာရှုသူ တွေကလည်း ရွေးချယ်ခွင့် ၂ခုရ သွားတဲ့နေ့။ အထက်ပါအတိုင်း ဆက်လက် ကျင့်ကြံ သွားမလား..
ဒါမှမဟုတ် ဆန့်ကျင်ရာ ပိုကောင်းတဲ့ နည်းလမ်းကို ရှာကြံစဉ်းစား အကောင်အထည် ဖော်မလား...
ကမ္ဘာကြီးကတော့ ရင်ခုန်စွာ စောင့်ကြည့်နေလေရဲ့ ။

မြန်မာနိုင်ငံထဲက သမိုင်းတွင်တဲ့ နာမည်များ

လူမျိုးတိုင်းလူတစ်ယောက်မွေးလာတာနဲ့ အဲဒီလူကို နာမည်ပေး ကင်ပွန်းတပ် လေ့ရှိကြပါတယ်။ လူ တစ်ယောက်မှာ သည်လို မိဘဆွေမျိုး အသိုင်းအ၀ိုင်းက ပေးတဲ့နာမည်ရယ်၊ သူ့ရဲ့ ထင်ရှားတဲ့ အချက်အလက်တစ်ခု (ဥပမာ။ အရပ်အမောင်း ကိုယ်လုံးကိုယ်ထည်၊ လုပ်ရပ်၊ ဖြစ်ရပ်) တို့ကို ထင်ဟပ်တဲ့ နာမည်ပြောင် စသဖြင့် နာမည်များ ရှိနိုင်ကြပါတယ်။ ကိုယ့်ဟာကိုယ် မှည့်ခေါ်တဲ့ နာမည်၊ သူတပါးက ကိုယ်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ မှည့်ခေါ်တဲ့ နာမည်များလည်း ရှိပါတယ်။
မြန်မာ့သမိုင်းမှာ နရသီဟပတေ့မင်းဟာ ကိုယ့်ကိုယ်ကို နာမည်ပေး ဘွဲ့ပေးတဲ့ နေရာမှာ လက်ဖျားခါရ လောက်တယ်လို့ သမိုင်းသုတေသီ တို့က စာရင်း ပြုစုချက်အရ သိရပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဘွဲ့ နာမည် အရှည်ကြီးကို အလွတ်ရတဲ့သူ ဘယ်နှစ်ဦး ရှိပါသလဲ။ ယနေ့ခေတ် လူများကတော့ သူ့ရုပ်ရည်ကို အစွဲပြုပြီးခေါ်တဲ့ မင်းခွေးချေးရယ်၊ တရုတ်ပြေးမင်းရယ် လို့သာ မှတ်မိကြပါတယ်။ ရုပ်ရည်နဲ့ လုပ်ရည် ကိုင်ရည်ကြောင့် ဖြစ်တဲ့ ဖြစ်ရပ်ကို အစွဲပြုပြီး သမိုင်းတွင်တဲ့နာမည်ပါ။ ပထမ မြန်မာနိုင်ငံတော်ရဲ့ ကြီးကျယ် မြင့်မားမှုကို အဆုံးသတ် ပေးလိုက်တဲ့ ဘုရင်တစ်ပါးလဲ ဖြစ် တယ်လို့ သမိုင်းတင် ခဲ့ပါ တယ်။
အင်းဝခေတ်ရဲ့နောက်ဆုံးမင်းဖြစ်တဲ့ ---(ဘွဲ့ရှေ့ပိုင်းကိုမမှတ်မိ) မဟာဓမ ရာဇာဓိပတိဟာ အင်းဝခေတ် ပျက်ပြီး ဟံသာဝတီကို ဖမ်းဆီးခေါ်ဆောင် ခံရတဲ့အတွက် ပြည်သူများက ဟံသာဝတီပါမင်း လို့သာခေါ်ကြလို့ အဲဒီနာမည်သာ သမိုင်းတွင် ခဲ့ပါတယ်။
ဒုတိယမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်ခဲ့တဲ့ ဘုရင့်နောင်မင်းတရားကြီးရဲ့ ငယ်နာမည်ရှင်ရဲထွတ် နဲ့ သူ့ရဲ့ ဘုရင်ဘွဲ့တော်ရှည်ကြီးကို ခုခေတ်လူတွေအလွတ်မရ၊ မသိ၊ မမှတ်မိကြပါဘူး။ ဒါပေမယ့် တပင်ရွှေထီးဘုရင်ရဲ့ နောင်တော်ဖြစ်လို့ ဘုရင့်နောင် ဆိုတဲ့နာမည်ရယ်၊ လိုလိုချင်ချင်ခေါ်ကြရတဲ့ မင်းတရားကြီးရယ် (မတရားမင်းကြီးမဟုတ်ပါ)၊ သည်လို တရားမျှတတဲ့သူ့လုပ်ရပ်တွေကြောင့် ဖြစ်တဲ့ နာမည်က ဘုန်းတော်ဘွဲ့တွေ၊ ငယ်နာမည်တွေကိုကျော်လွှားပြီး သတင်းကြီး သမိုင်းဝင်ခဲ့ပါတယ်။
တတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့တဲ့ အလောင်း မင်းတရားကြီး ဦးအောင်ဇေယျ မှာလည်း သည်အတိုင်း ဖြစ်ပါတယ်။ နန်းတက် ဘိသိက်ပွဲမှာ ရတဲ့ သူ့နာမည်ကို ဘယ်သူမှ မခေါ်ကြဘဲ မုဆိုးဖိုရွာ သူကြီးဘ၀က နာမည်ကိုပဲ လူတွေကခေါ်ကြတာပါ။ ဘုရားဆုကို ပန်ဆင်ခဲ့လို့ ဘုရား အလောင်းတော် ဘုရင်မင်းကြီး အဖြစ် အလောင်းမင်း တရားကြီးရယ်လို့ နာမည်တွင်ပါတယ်။ သူ့ရဲ့ဘုရင် နာမည်ကို မှတ်မိသူ ရှိပါသလား။ သူ့သားတော် မောင်ဝိုင်း ဗဒုံမြို့စားဘ၀မှ မင်းဖြစ်လာသူမှာ ကုန်းဘောင်ခေတ် သမိုင်းတွင် အကျယ်ဆုံး နိုင်ငံတော်ကို ပိုင်ဆိုင်သူ ဖြစ်ပါလျက် သူ့ခမျာ မြစ်တော် စကြာကိုယ်တော် လေးကိုမှီပြီး ဘိုးတော်ဘုရား၊ ဘိုးတော်ဦးဝိုင်း ဟုသာ ထင်ရှားရ ရှာပါသည်။ သူဧ။် ကုန်းဘောင်ခေတ် တွင်အရှည်လျားဆုံး ဘွဲ့နာမည်ကို မည်သူ မှတ်မိပါ သနည်း။ ပြည်သူပေးသော နာမည်သာ ပိုင်ဆိုင်ရ ချေသည်။ သို့သော် သူ့ခေတ်တွင် မြန်မာပြည်သည် အာရှတွင် ဘုန်းအကြီးဆုံး၊ အင်အား အတောင့် တင်းဆုံး ဆိုသည်ကိုတော့ လူတိုင်းသိကြ ပါချေသည်။
အနောက်ဖက်လွန်မင်း၊ သာလွန်မင်းတို့မှာလည်း ထို့အတူ။ နန်းတော် အနောက်ဖက်တွင် လုပ်ကြံခံရ သောကြောင့် နတ်ရွာစံလွန်ရလို့ အနောက်ဖက်လွန်မင်း၊ တိုင်းကားပြည်ရွာ လွန်စွာသာလွန် အေးချမ်း အောင် အုပ်ချုပ်သောမင်းဖြစ်လို့ သာလွန်မင်း စသည်ဖြင့် ပြည်သူကပေးသော နာမည်သာ သမိုင်းတွင် ကျန်ရစ်ခဲ့သည်။ သူတို့ဘာသာ ပေးသောနာမည် များကား သာမန်ပြည်သူများ ကြားပင် မကြားဖူးကြချေ။
ထိုထိုသော နာမည်ကြီးသော ထင်ရှားသောမင်းတို့တွင် မင်းကောင်း မင်းမြတ်များ ဖြစ်ပါလျက် ပဒေသရာဇ် ခေတ်တွင်ပင် သူတို့ကိုယ် သူတို့ပေးသော နာမည်ဖြင့် သူတို့သမိုင်းကို မဖုံးလွှမ်းနိုင်။ သူတို့ဧ။် လုပ်ရပ်၊ ဖြစ်ရပ်တို့နှင့် သက်ဆိုင် သော ပြည်သူပေးသော နာမည်သာ သမိုင်းတွင် ကျန်ရစ်သည်ကို သံဝေဂယူ ဖွယ်တွေ့ရပါသည်။
ထို့အတူ ယနေ့ခေတ် တွင်လည်း လူတော်တော် များများသည် ပတ်ဝန်းကျင်က ပေးသော နာမည်ဖြင့်သာ လူသိများ ထင်ရှားနေကြလေသည်။ လောရှည်၊ လန်ဘား၊ ပုတို၊ ခွေးငို၊ ခါချဉ် စသဖြင့် ခေတ်အလိုက် စုံလင်စွာ ခေါ်ဝေါ် သမုတ်ကြဧ။်။ ပတ်ဝန်းကျင်က ကိုယ်နှင့် လိုက်ဖက်ရာကို ကင်ပွန်းတပ်သမျှ ခံကြရဧ။်။ သူများကို နာမည်ပြောင် လိုက်ပေးနေသူ ကိုယ်တိုင် သူ့ကို ပတ်ဝန်းကျင်က နာမည်ပြန် ပေးလိုက်သည်ကို မသိလိုက်ဘဲ နာမည် အတော်ကြီးကို ကြီးနေ ပြန့်နေပြီးခါမှ သိလိုက်ရသူ လည်းရှိလေသည်။
ထို့ကြောင့် မိမိဧ။် မိဘဆွေမျိုး၊ ဘုန်းကြီးများက ပေးပြီး မိမိကိုယ် မိမိမှည့်ခေါ်သော နာမည်သည် အရေး မကြီး၊ မိမိဧ။် ပြောဆို လုပ်ကိုင်ပုံ၊ ပုံပန်းသဏ္ဍာန်နဲ့ ဖြစ်ရပ်များက ပတ်ဝန်းကျင်ကို ထင်ဟပ်ပြီး မိမိကိုယ် ကိုသာ ပတ်ဝန်းကျင်က သမိုင်းဝင် နာမည်ပေး ကင်ပွန်းတပ် သွားမည် ဖြစ်သောကြောင့် ကိုယ့်လုပ်ရပ် ကိုသာ သတိထားလျှင်ဖြင့် သမိုင်းဝင် သွားနိုင်သည့် ကိုယ့်နာမည်ကို ပတ်ဝန်းကျင်မှာ ပြန်မေးစရာ မလို၊ အသာ နားထောင်ရုံနှင့် သိနိုင်ကြောင်း ၊ သမိုင်းကောင်းနဲ့ သမိုင်းဆိုးကိုလည်း ပတ်ဝန်းကျင်မှ ပြည်သူလူထုသာ ဆုံးဖြတ်မှာ ဖြစ်ကြောင်း တင်ပြလိုက် ရပါသည်ခင်ဗျား။

ပညာရေးစနစ်ကင်ပွန်းတပ်

ဒီမိုကရေစီပညာရေးစနစ်နိုင်ငံတစ်နိုင်ငံ အမှန်တကယ် ဖွံ့ဖြိုး တိုးတက် ဖို့ အတွက် အဲဒီနိုင်ငံရဲ့ တာဝန်တွေကို ထမ်းဆောင်ရမယ့် နိုင်ငံသားတွေ အရည်အသွေး ပြည့်ဝနေဖို့ အရေးတကြီး လိုအပ်သလို အဲဒီနိုင်ငံကို အုပ်ချုပ်တဲ့ ပညာ ကို သင်ကြား နိုင်ဖို့ အတွက်လည်း အဲဒီပညာကို သင်ကြားမယ့် လူဟာ အကျိုးအကြောင်းအဆိုးအကောင်း ကို စဉ်းစားဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းဆိုတဲ့ဉာဏ်ရည် (Intelligent quotient -IQ) တင်မက စိတ်ခံစားမှု ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး စဉ်းစား ဆင်ခြင် ဆုံးဖြတ်နိုင်စွမ်း ဆိုတဲ့ ဉာဏ်ရည် (Emotional quotient -EQ) ပါ အထူးမြင့်မားစွာ ပိုင်ဆိုင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာမှာ ဥပဒေရေးရာ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ နဲ့ စီးပွားရေး ဆိုင်ရာ စီမံ အုပ်ချုပ်ရေး ပညာရပ် တွေကို သင်ကြား ပို့ချတဲ့ တကသိုလ် တွေဟာ တခြား ဘာသာရပ်များကို သင်ကြားပို့ချတဲ့ တကသိုလ် တွေထက် ပညာသင်စရိတ်ရော ၀င်ခွင့်အမှတ်ပါ မြင့်မား နေကြပါတယ်။ သို့သော် အဲသည့်ပညာရပ်ကို သင်ကြား တတ်မြောက် ချင်ရင် အဲသည့် ၀င်ခွင့်စာမေးပွဲကို မအောင်မချင်း ထပ်ကာထပ်ကာ ဇွဲနဘဲ ကြီးစွာ ၀င်ရောက် ဖြေဆိုပြီး အောင်မြင်တဲ့ လူတိုင်း တက်ရောက် ပညာ သင်ကြားခွင့် ရှိပါတယ်။ အထူးသဖြင့် ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သည်ပညာရေး စနစ်ကို ဒီမိုကရေစီ ပညာရေးစနစ်လို့ အမည်ပေး ကင်ပွန်းတပ် နိုင်ပါတယ်။
ကျွန်ပညာရေးစနစ်မြန်မာနိုင်ငံ ကိုလိုနီစနစ် လက်အောက် ကျရောက်တဲ့ အချိန်က နယ်ချဲ့ အင်္ဂလိပ်တို့ ကျင့်သုံးခဲ့တဲ့ ပညာ ရေးစနစ်ကို မြန်မာဝံသာနု မျိုးချစ်များက ကျွန်ပညာရေး စနစ်လို့ ကင်ပွန်းတပ်ပြီး သပိတ်မှောက် တော်လှန် ခဲ့ကြပါတယ်။ ကိုလိုနီ နယ်ချဲ့ အရင်းရှင်စနစ် အတွက် အသုံးဝင်လောက်တဲ့ ခိုင်းကောင်းရုံ လောက် ပညာရေး ကိုသာ တကသိုလ်များမှာ သင်ကြားပေး သော်လည်း တကသိုလ် တက်ချင်သူ၊ ပညာ တက်ရောက် သင်ကြားလိုသူ လူတိုင်း တက်ရောက် ပညာ သင်ကြားနိုင်ခြင်း မရှိစေဖို့ အတွက် ကျောင်းလခများကို အလွန်အမင်း မြှင့်တင်ထားကာ ပညာတတ် ဦးရေကို ချုပ်ချယ် ကန့်သတ် ထားတဲ့ ပညာရေးစနစ်ကို ကိုလိုနီ ကျွန်ပညာရေး စနစ်လို့ ခေါ်ခဲ့ကြပါတယ်။ သို့သော် သည်စနစ်က ကျောင်းသားများ ကျောင်းလခ သာ တတ်နိုင်ပါက၊ ၀င်ခွင့် စာမေးပွဲသာ ဖြေဆို အောင်မြင်ပါက အုပ်ချုပ်ရေး ပညာ ဘာသာရပ်မှ အစပြုကာ မိမိနှစ်သက်ရာ ဘာသာရပ်ကို စိတ်ကြိုက် သင်ယူခွင့်ရှိပြီး သင်ပေးသမျှ ကိုတော့ အမှန်တကယ် တတ်မြောက် ကျွမ်းကျင်စေပြီး အင်္ဂလိပ်စာ ကိုလည်း တကယ်တတ်အောင် သင်ပေးခဲ့တဲ့ အတွက် သည် ပညာရေး စနစ်က သင်ကြား ပေးသမျှကို သာမက မိမိဘာသာ သင်ယူလိုရာများ ကိုလည်း ကိုယ့်အား ကိုယ်ကိုးကာ ကိုယ်တိုင် လေ့လာနိုင် သောကြောင့် မိမိသင်ကြား နေရသော ပညာရေး စနစ်ကို ကျွန်ပညာရေး ဖြစ်မှန်း မြန်မာလူတော်များက သိရှိလာကြပြီး မကျေနပ်ကြဘဲ သပိတ်မှောက် ကြရာမှ မြန်မာ နိုင်ငံဧ။် လွတ်လပ်ရေး အတွက် လမ်းစပေါ်လာ ခဲ့ရသည်ကို သမိုင်းက ပြဆိုခဲ့ပါတယ်။ နိုင်ငံသားများ ပညာတတ်မှုနှင့် ပညာတတ် ဦးရေကို အကန့်အသတ်ဖြင့် ထိန်းချုပ်သော ပညာရေးစနစ်ကို ကျွန်ပညာရေး စနစ်လို့ အမည်ပေး ကင်ပွန်းတပ် ခဲ့ကြပါတယ်။
ကျွန်ပညာရေးစနစ်ထက်အမှောင်ဖုံးတဲ့ စစ်အာဏာရှင် ပညာရေးစနစ်ပညာသင်ယူခွင့်ကို ငွေကြေးနဲ့ ခွဲခြားတယ် ဆိုတဲ့ ကိုလိုနီ ကျွန်ပညာရေး စနစ်ကို တော်လှန်သယောင် ပြုပြီး တကသိုလ်အဆင့် ပညာ သင်ကြားခွင့်ကို တနိုင်ငံလုံး အတိုင်းအတာနဲ့ အမှတ်ခွဲခြား သတ်မှတ်ပြီး ရမှတ် ပေါ် မူတည်လို့ တက်ရောက် ပညာသင်ကြားရမည့် ဘာသာရပ်ကို ဗဟိုအုပ်စီး စနစ်နဲ့ ချယ်လှယ် ချုပ်ကိုင် ပြီး ပညာ သင်ကြားခွင့် ပြုတဲ့စနစ်တစ်ခု ရှိနေပါတယ်။ နိုင်ငံသားများ ကိုယ်နှစ်သက်ရာ၊ အားသာရာ၊ ၀ါသနာ ပါရာကို သင်ကြားခွင့် မရဘဲ ကိုယ့်အရည်အချင်း ရမှတ်အလိုက် ကျောင်းတက်စေ ဆိုတဲ့စနစ် ဖြစ်ပြီး ကိုယ့်ရွေးချယ်ခွင့် ပျောက်ဆုံးတာ ကိုတောင် သတိမမူမိ လောက်အောင် အတော်ဆုံး ဆိုတဲ့ နာမည်ဂုဏ် မှာ ယစ်မူးစေတဲ့ ပညာရေး စနစ်မျိုးပါ။ သည်ပညာရေးစနစ်ကို နိုင်ငံသား အချင်းချင်း ငါတော်တယ်၊ သူတတ်တယ် ရယ်လို့ ဂုဏ်ပြိုင်ရင်း စည်းလုံးမှု ပျက်ပြားစေတဲ့၊ အချင်းချင်း ဂုဏ်ထောင်ရင်း လူအချင်းချင်း လေးစားစိတ်ကို လျော့ပါးစေတဲ့ နိုင်ငံသား အချင်းချင်းကို ရန်တိုက်ပေးတဲ့ စနစ်၊ လူသားတိုင်း ကိုယ်ပိုင် အရည်အချင်း အစစ်အမှန်ကို ဖော်ထုတ်ပြသခွင့်၊ ထက်မြက်အောင် ကြိုးစားပိုင်ခွင့် မရှိတဲ့ ချုပ်ချယ် ကန့်သတ်တဲ့ ပညာရေးစနစ် လို့သာ ရလာတဲ့ ရလာဒ် ပေါ်မူတည်ပြီး အဖြေထွက် နေပါတယ်။
ထိပ်ဆုံးပိုင်း ထက်မြက်တဲ့ လူတော်တွေကို နည်းပညာ ကျွမ်းကျင်သူ ဆိုတဲ့ ဘောင်ထဲ ဆွဲထည့်၊ အသင့်အတင့် တော်သူတွေကို နိုင်ငံတွင်းမှာ လက်တွေ့ ဖွံ့ဖြိုးအောင် ကြိုးစား လုပ်ဆောင်လို့ မရတဲ့ သာမန် ၀ိဇ္ဇာ သိပ္ပံလိုင်း ထဲထည့်၊ အုပ်ချုပ်ရေးပိုင်း ဖြစ်တဲ့ စီးပွားစီမံနဲ့ ဥပဒေရေးရာ ပညာရပ် တွေကိုတော့ သာမန်လူတွေ တက်စေဆိုပြီး အမှတ်နိမ့်ထားပြီး သူ့ရဲ့အုပ်ချုပ်ရေး စနစ်ထဲကို အရည်အသွေးရော စိတ်ဓာတ်ပါ ထက်မြက်သူ လူတော် မရောက်လာစေတဲ့ ပညာရေး စနစ်မျိုးပါ။ ဒါပေမယ့် ဘာသာရပ်များကို သင်ကြားပေး ရာမှာတော့ အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးမှု မရှိရုံမျှမက ကျောင်းသား များ မိမိဘာသာ လေ့လာ သင်ယူခြင်း မပြုနိုင်အောင် ရည်ညွှန်း ကိုးကားစရာများ ဖြစ်တဲ့ စာကြည့်တိုက်မှ အစပြုတဲ့ သင်ကြားမှု သင်ယူမှု အထောက်အကူ ပြုများကိုပါ ပြည့်စုံအောင် ဖြည့်ဆည်းမှု လုံးဝမရှိတဲ့ ပညာရေး စနစ်မျိုးလည်း ဖြစ်ပါတယ်။ အာဏာရှင်များရဲ့ မျိုးဆက်များ ကိုတော့ သည်လို လူပြိန်းများကို ကောင်းကောင်း အုပ်ချုပ် တတ်စေမယ့် ပညာရော၊ အာဏာ နဲ့ အခွင့်အရေးပါ အပြည့်အ၀ ရစေတဲ့ သီးသန့် ကျောင်းများ ဖွင့်လှစ်သင်ကြားတဲ့ စနစ်လည်း ရှိပါတယ်။ သည်လို ခွဲခြားထားမှ သာလျှင် အာဏာရှင် စနစ် အဓွန့်ရှည် တည်တံ့ကာ အာဏာရှင် များလည်း သားစဉ်မြေးဆက် ကောင်းစား နိုင်မယ်လို့ အာဏာရှင်များက ယုံကြည် ယူဆကြပါတယ်။ သာမန် ပြည်သူလူထု ကျောင်းသားများ ဘာမှ မတတ်ဘဲ လက်ညှိုးထောင် ခေါင်းညိတ် တတ်ရုံ၊ ကိုယ့်ကိုယ်ကို ဘာမှန်း တကယ် မသိစေဘဲ ကိုယ့်ကိုယ်ကို အထင်ကြီး ဘ၀င်မြင့်စေတဲ့ မြင်းမျက်မှန်စိမ်း တပ်၊ ပါးချုပ်တတ်၊ ဇက်ခွံ့၊ အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ် စေတဲ့ သည်စနစ်ကို စစ်အာဏာရှင် စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံများမှာ နိုင်ငံသားများကို သင်ကြားစေ တဲ့အတွက် စစ်အာဏာရှင် ပညာရေးစနစ် လို့ အမည်ပေး ကင်ပွန်းတပ် ထိုက်ပါတယ်။ ကဲ... ကျုပ်တို့ ဘယ်ပညာရေးစနစ်ရဲ့ လက်အောက်မှာ ပညာ သင်ကြား ခဲ့ကြသလဲ။ ကျုပ်တို့ကိုယ်တိုင်ရော ဘာတွေ လုပ်နေကြသလဲ။