Saturday, July 14, 2007

အာဇာနည် ခေါင်းဆောင် ဆိုတာ

ဒီဘုရားလေးရဲ့ အ၀င်မုခ်ဦးနားက ဇရပ်မှာ တညနေကုန် ထိုင်လျက် ရီဝေေ၀ ငေးမောနေသော အဘိုးကို အဖော်ပြုလျက် ကျွန်မ ထိုင်နေရင်း ဒီလောက်ကြီးတောင် အဘိုးဘာတွေများ တွေးတော ခံစားနေမည်ကို သိချင်လှပါသည်။ သို့သော် အဘိုးရဲ့ အတွေးစဉ်တွေပြတ်တောက်သွားမှာ ခံစားလက်စ အရှိန်လေးတွေ ပျက်သွားမှာ စိုးရိမ်လို့ သည်အတိုင်းငြိမ်ရင်း အဘိုးငေးရာသို့ လိုက်ငေးနေမိသည်။ အညာမိုးက ဖုန်သိပ် ရုံလောက် ရွာသည်ဆိုရုံ တဖျောက်ဖျောက်…
မနက်က အစောကြီးထကာ ချက်ပြုတ်ပြီး အာဇာနည်နေ့တိုင်း အထူးဆွမ်းကပ်လေ့ရှိသော ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းအိုးများ၊ ဟင်းချိုင့်များကို လိုက်လံ လှူဒါန်းပြီး ရေစက်ချ တရားနာ လိုက်သည်မှာ နေ့လယ် ၂နာရီထိုးသည်အထိ။ အသက်ကြီးလှပြီဖြစ်သောကြောင့် ကျန်းမာရေးအတွက် စိုးရိမ်သဖြင့် နားရန် ပြောသော်လည်း သည်နေ့ကို အစွဲကြီးလှသော အဘိုးဆန္ဒကို တဆွေမျိုးလုံး မလွန်ဆန်နိုင်ကြ။ အခုလည်း သူဆောက်လုပ် လှူဒါန်းထားသော သည်ဇရပ်ပေါ်မှာ တညနေလုံး နားချင်သည် ဆိုသောကြောင့် ကျွန်မက အဘိုးကို အဖော်ပြုနေခြင်းပါ။ ဈေးကျောင်းဘုရားဟု အညာသားတို့ အလွယ်ခေါ်သော မာရ်အောင်မြင်ဘုရားမှ ဆည်းလည်းသံများက မိုးသံကိုလွှမ်းလျက်။ အဘိုးကတော့ ဘုရားရှေ့က ခြင်္သေ့ကြီး ၂ကောင်ကြားက မြေကွက်လပ်ကို တမ်းတမ်းမက်မက် ငေးလျက်…
လေအဝှေ့မှာ မိုးစက်မှုန်မွှား တို့က ဇရပ်တွင်း ၀င်ရောက် လာသောကြောင့် ဇရပ် အတွင်းပိုင်းသို့ ပြောင်းထိုင်ရန် အဘိုးကို ကျွန်မ သွားတွဲ လိုက်သည်။ အဘိုးက ညင်သာစွာ ထရင်း
ဘိုး။ ။ငါ့မြေးလဲ အဘိုးကို အဖော် လုပ်ပေးနေရတာ ပျင်းနေရောပေါ့
မြေး။ ။ပျင်းပါဘူး ဘိုးရယ်။ သမီးက စိတ်ဝင်စားနေတာ
ဘိုး။ ။ဘာကိုတုန်း မြေးရဲ့
မြေး။ ။သြော်.. အဘိုးနဲ့ သည်နေ့ရဲ့ ပတ်သက်ပုံကိုပါ။ ဘိုးမှာ တော်တော်လေး ခံစားချက် ရှိပုံရတယ်နော်။
မမေးရဲလို့ အသာကဲ ကြည့်လိုက်တော့ ဘိုးက အဝေးကို မျှော်ရီငေးရင်း သက်ပြင်းတချက် ချသည်။ ပြီးမှ ဆုံးဖြတ်ချက် ချဟန်ဖြင့် အသာ လှည့်ကြည့်သည်။
မြေး။ ။မြေးကို ပြောပြလို့ရရင် ပြောပြပါလား ဘိုးရယ်
မျက်ဝန်းအစုံကို ခပ်မြန်မြန် မျက်တောင်ခတ်ရင်း အဘိုးက မိုးပေါ်ကို မျှော်ကြည့်သည်။ အရည်လဲ့နေ သော မျက်ဝန်းတစ်စုံကြောင့် မျက်ရည်မကျအောင် မော့လိုက်ကြောင်း ကျွန်မသိလိုက်ရတော့ တအား အံ့သြ သွားသည်။ ခေတ်အဆက်ဆက် အာဏာပိုင်တွေ၊ မြို့တော်ဝန်တွေပင် တုန်အောင် ကြောက်ရ သော၊ တမြို့ လုံးရှိ ဘုန်းတော်ကြီးများ အတွက် စာပြန်ပွဲသို့ ပင့်ဆောင် စာပြန်မည့် ဘုန်းတော်ကြီးများကို စာမေးပွဲ စစ်ရာတွင် ကိုယ်တိုင် မေးခွန်းထုတ်သော၊ ကျွန်မကိုယ်တိုင်လည်း အချစ်ဆုံးနှင့် မျက်နှာသာ ပေးခံရဆုံး တစ်ဦးတည်းသော မြေးဖြစ်လျက် မျက်နှာရိပ် ကြည့်ပြီးမှသာ စကားပြောရဲ ရလောက်အောင် တည်သော၊ အဘိုးမှာ မျက်ရည်လည် ရလောက်သော ခံစားချက် ရှိနေသည်ကို မအံ့သြဘဲ မနေနိုင်ပါချေ။
ဘိုး။ ။ အင်း… ဘိုးတို့က အရင်က သည်နယ်ထဲက မဟုတ်ဘူးမြေးရဲ့။ ရဲဘော်သုံးကျိပ် မြန်မာပြည်ထဲ ၀င်လာပြီး အင်္ဂလိပ်ကို တိုက်ထုတ်ခါစက ဘိုးက သာသနာဘောင်မှာပေါ့
ဘိုးဆီက မမျှော်လင့်ဘဲ ကြားလိုက်ရသော စကားကြောင့် ကျွန်မ အသက်ရှူဖို့ မေ့သွားခဲ့သည်။ ဒါကြောင့် ဘုန်းကြီးတွေကို စာမေးပွဲစစ်နိုင်တာကိုးဟု အသိတချက် ၀င်းလက်သွားပြီး စိတ်ဝင်စားမှုများက တောင်ကျ ရေ လို တရဟော…
မြေး။ ။အဲဒီတော့
ဘိုး။ ။အဲဒီတော့ ဘိုးလဲ လူထွက်ပြီး ဘီအိုင်အေရဲ့ ပြောက်ကျားတပ်ထဲ ၀င်ခဲ့တယ်။ တနေ့တော့ တိုက်ရင်း သည် ဘုရားရှေ့က ခြင်္သေ့နှစ်ကောင် ရှေ့မှာ တပ်ထွက်ခါနီး ဗိုလ်အောင်ဆန်းက တပ်ကိုလိုက်စစ်တယ်။ စစ်ရင်း နဲ့ စကားတခွန်း ပြောတယ်။ ငါ့ရဲဘော် တွေကလည်း စုတ်ပြတ် နေတာပဲကွာ။ အေး.. ငါလဲ ဘာမှ မတတ်နိုင် ဘူးကွာ။ ငါ့လဲ အိပ်စရာ မြေကြီး၊ စားစရာ ကျောက်ခဲပဲ ရှိတယ်တဲ့။ တပ်ကို လိုက်စစ်ပြီး တန်းဖြုတ် လို့ပြောပြီး ဗိုလ်အောင်ဆန်း လှည့်ထွက်သွားတော့ သူ့ဘောင်းဘီဖင်မှာ စုတ်နေတာ လက်တ၀ါးလောက်ကို ပြန်ဖာထားတဲ့ အရာကြီးက ခုတွေးရင် ခုထိ မျက်စေ့ထဲက မထွက်ဘူး။ သူကိုယ်တိုင် ချုပ်ထားရပုံ ရတယ်။
မြေး။ ။ဟာ.. ဒါဆိုဘိုးလည်း ဘီအိုင်အေ စစ်သားဟောင်းကြီးပဲပေါ့။ မြေးတို့ လွတ်လပ်တဲ့ လူမျိုးဖြစ်လာတာ ဘိုး တိုက်ယူခဲ့လို့ပေါ့။ အမယ်လေး… ဘိုးရယ်၊ နေနိုင်လိုက်တာ.. ဘာလို့ ဘယ်သူ့ကိုမှ သည်အကြောင်း မပြောပြခဲ့တာလဲ ဘိုးရယ်။ နို့မို့ရင် မြေးတို့ အစောကြီး ကတည်းက ဂုဏ်ယူလို့ရတာကို.. ဘိုးက ဗိုလ်ချုပ် အောင်ဆန်းနဲ့ကို အတူတူ တိုက်ခဲ့ဘူးတဲ့ ဘီအိုင်အေ စစ်သားကြီးပဲလို့
ကျွန်မ ဂုဏ်ယူစွာဖြင့် တရပ်စပ် ပြောမိနေသည်ကို အဘိုးက နှစ်လိုဖွယ်ပြုံးရင်း မောသွားဟန်ဖြင့် ခဏ နားရင်း ခြင်းထဲက ရေဗူးကိုယူကာ ရေသောက်သည်။ ပြီးတော့ အားယူပြီး ဆက်ပြောသည်။
ဘိုး။ ။ပြီးတော့ ဘိုးတို့ အတူတူ စစ်မြေပြင်ရောက်ခဲ့ကြတယ်။ ဖြစ်လိုက်တဲ့ တိုက်ပွဲတွေ ဘာပြောကောင်းမလဲ။ ၂ရက်ဆက်တိုက် ၃ရက်ဆက်တိုက် မအိပ်တမ်း မနားတမ်း တိုက်ခဲ့ရတဲ့ အခါတွေလည်း ရှိတာပဲ။ ဗိုလ်အောင်ဆန်းက ကိုယ်တိုင် ရှေ့တန်း ထွက်ပြီးကို တိုက်တာ။ ငတ်တာမှ ရေပါ သေချာ မသောက်ရ လောက်အောင်ကို ငတ်တာ။ တစ်ချီတော့ ၃ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီး ခဏ အရှိန်ရပ်တုန်း ဗိုလ်အောင်ဆန်းတို့နဲ့ တဖက်စီ ၂တပ်ခွဲပြီး စားစရာရှာရင်း တောထဲမှာ ဘိုးတို့က တောဝက် တစ်ကောင် တွေ့ရော.. ငတ်တာလဲ ၃ရက်ရှိပြီ။ တောဝက်ကို သေနတ် နဲ့ ပစ်ဖမ်းဖို့ ကလဲ သေနတ်သံကြားရင် ၀ါးရုံတော နဲ့ တောင်ကြော တဖက်မှာ အင်္ဂလိပ်တပ်က ရှိနေတော့ တိုက်ပွဲပြန် ဖြစ်မှာလဲ စိုးရ၊ ကိုယ့်တပ်က ပင်ပန်းနေတဲ့ ရဲဘော်တွေ ကိုလည်း ငဲ့ရဆိုတော့ ဘာပြောကောင်းမလဲ တောဝက်ကို သေနတ်မသုံးဘဲ လူချည့်ဝင် နပမ်းလုံးပြီး ဖမ်းရတာ။
မြေး။ ။ဟင်.. ဘယ်လိုဖမ်းလဲ… တောဝက်က သူ့အစွယ်နဲ့ ပြန်ပက်မှာ မကြောက်ဘူးလား
ဘိုး။ ။စစ်တောင် တိုက်နေသေးတာ မြေးရဲ့… တောဝက် ပက်မှာ လောက်တော့ မကြောက် နိုင်တော့ဘူး။ လက်မြန်ပြီး အားကောင်းတဲ့ တစ်ယောက်က တောဝက် ပြေး အပက်ကို အစွယ်ကို လက်နှစ်ဖက်နဲ့ စုံကိုင် ဖမ်းပြီး ကျန်တဲ့လူတွေက တောဝက်နံဘေးကို လှံစွပ်ဖူးနဲ့ ၀ိုင်းထိုးကြတာ။ တောဝက်က တော်တော် ဆူတော့ (၀တော့) အားကောင်းတော့ တော်တော် သတ်ယူရတယ်။ ဘာသံမှကို ပေးမထွက်ရဲဘူး။ ပြီးတော့ ၀ါးပိုးလုံးကို ခုတ်ပြီး ၀ါးကျည်တောက်ကို အိုးလုပ်၊ ၀ါးကိုင်းခြောက်ကို ထင်း၊ ၀ါးပြာကို ဆားလုပ်ပြီး တောဝက်သားကို ပြုတ်စားရတာ။ အဲဒီနေ့က တောဝက်သား ရေလုံပြုတ်က တသက်မှာ စားလို့ အမြိန်ဆုံး ပဲ မြေးရဲ့။ တတပ်လုံး ခေါင်းကို မဖော်နိုင်ဘူး။
ပြုံးပြုံးကြီး ပြောနေသော ဘိုးစကားကြောင့် သက်ပြင်း အသာချမိသည်။ ဘာအနံ့ အရသာမှ ရှိမည် မဟုတ် သော ထိုတောဝက်သား ရေလုံပြုတ်ကို တရှိုက်မက်မက် စားနေရရှာမည့် ဘိုးကို တွေးရင်း သနားမိသည်။
ဘိုး။ ။ပြီးတာနဲ့ ခရီးဆက်တော့ အဲဒီ တောဝက်သားတွေကို ၀ါးကျည်တောက် ထဲသိပ်ထည့်ပြီး သယ်သွားရတာ မြေးရဲ့။ ခုခေတ်လို ရိက္ခာတပ် ရှိတာ မဟုတ်တော့ လမ်းမှာ ရိက္ခာဆိုလို့ ဒါလေးပဲရှိတာလေ။ ကံဆိုးချင် တော့ အင်္ဂလိပ်တပ် ဆင်းအလာနဲ့ ပက်ပင်းတိုးပြီး တိုက်ပွဲ ဖြစ်ကြပြန်ရော … အင်း .. ၂ည ၃ရက် ကြာ တယ်။ ဘိုးတို့ ဘက်က ဒဏ်ရာရတာ ၁၀ ယောက်၊ သူတို့ဘက်က တပ်လုံးပြုတ်ပဲ။ နားရင်း စားမယ် ဆိုတော့ တောဝက်သား တွေက သိုးနေပြီလေ။ ရဲဘော်တချို့ တောထဲဝင်ပြီး စားစရာ ရှာတော့ တော ငှက်ပျော ၂ခိုင်နဲ့ ငှက်လေး ၅ကောင် ရလာရော။ ငှက်လေးကင်ပြီး တောငှက်ပျောနဲ့ ဗိုလ်အောင်ဆန်း စားဖို့ ပြင်ပေးတော့ ဟန်းကောလေး ကိုင်ပြီး မင်းတို့ရော ဘာစားမလဲတဲ့။ တုန်နေအောင် ဗိုက်ဆာ နေရက် နဲ့ ဘိုးတို့ကို ပြန်မေးရှာတယ်။ ဘာမှ ပြန်မဖြေတော့ လိုက်ကြည့်ရော။ ဒီမှာတင် တောဝက်သား အသိုးတွေ ကို နှာခေါင်းပိတ်ပြီး အတုံးလိုက် မျိုချနေရတဲ့ ရဲဘော်တွေကို သူမြင်သွားတယ်။
မြေး။ ။အဲဒီတော့
ဘိုး။ ။အဲဒီတော့ ဗိုလ်အောင်ဆန်းက သူ့လက်ထဲက ငှက်လေး ၅ကောင်ကို ထက်ခြမ်းခြမ်းပြီး ဒဏ်ရာရနေတဲ့ ရဲဘော် ဆယ်ယောက်ကို လိုက်ဝေတယ်။ ရဲဘော်တွေကလဲ ဗိုလ်အောင်ဆန်းကို တအား လေးစား ကြောက်ရွံ့ ကြတော့ မငြင်းရဲဘူး။ တောငှက်ပျောသီး တွေကို အားလုံးကို လိုက်ဝေတယ်
မြေး။ ။အဲဒီတော့ သူဘာစားလဲ
အလိုက်ကမ်းဆိုး မသိနိုင်တော့ လောက်အောင် စိတ်လှုပ်ရှားမိသော ကျွန်မရဲ့ မေးခွန်းအဆုံးမှာ မျက်ရည် တစ်ပေါက် ဘိုးမျက်လုံးမှ ပေါက်ကနဲ ကျလာသည်
ဘိုး။ ။ဗိုလ်အောင်ဆန်းလေ… ရဲဘော်တွေနဲ့ အတူ တောဝက်သား အသိုးတွေကို နှာခေါင်းပိတ်ပြီး မျိုချခဲ့တယ် မြေးရယ်
အဘိုးစကားအဆုံးမှာ ကျွန်မ စိတ်မထိန်းနိုင်ဘဲ ငိုမိပါသည်။ သြော်… ခေါင်းဆောင် အဖြစ်ကြီး ဖြစ်ထိုက် ပြီး အာဇာနည် အပီသကြီး ပီသလှ ပါပေသော ဗိုလ်ချုပ်အောင်ဆန်း ပါပေ။ ခေါင်းဆောင်မှုပိုင်းတွင် အရည်အချင်းရော၊ အရည်အသွေးပါ အပြည့်ဝကြီး ပြည့်ဝလှပါသော၊ ရန်သူနဲ့ ရင်ဆိုင်ရာတွင် တိုက်ရည်ခိုက်ရည် စစ်သေနင်္ဂ ဗျူဟာ မြင့်မားပြတ်သားသလောက် ကိုယ့်လူမျိုး ကိုယ့်ရဲဘော်များ အပေါ် တွင်ကား ညှာတာသနား တတ်လှသော၊ စိတ်ထား မြင့်မြတ် သိမ်မွေ့လှပါသော ဗိုလ်ချုပ်အောင်ဆန်း။ သည်လို ဗိုလ်ချုပ်ကိုမှ ရက်ရက်စက်စက် လုပ်ကြံရက်သော မသမာသူ လူယုတ်မာတစ်စုတွင် စေတနာကို ခံစားတတ်သော လူ့နှလုံးသား မရှိရုံမက အကောင်း အဆိုးကိုပါ ခွဲခြားတတ်သော ဦးဏှောက်ပင် ရှိမည် မထင်။ ဇူလိုင် (၁၉)ရက်… စနေနေ့။ ခြင်္သေ့သားကို မြေခွေးစားသောနေ့။ အာဇာနည်ရဲ့ ခေါင်းဆောင်မှုနဲ့ စိတ်ထားကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရတော့ သူ့ကိုဆုံးရှုံးမှုအတွက် ပိုပြီး နင့်နင့်နဲနဲ နှမြော မိသည်။ တသိမ့်သိမ့်ရှိုက်ငိုမိသော ကျွန်မရဲ့ ဦးခေါင်းကို ဘိုးက အသာပွတ်ရင်း
ဘိုး။ ။အဲဒီနေ့က ဘိုးတို့အားလုံးလဲ ငိုခဲ့ကြရပါတယ်မြေးရယ် တဲ့
အားရအောင်ငိုပြီး စိတ်နည်းနည်းပေါ့သွားမှ ရှိုက်ရင်း ခေါင်းမော့လိုက်တော့ မိုးတောင် တဖွဲဖွဲရွာနေရာက စဲသွားပြီဖြစ်လေသည်။ ဘိုးလည်း မျက်ရည်သုတ်နေလေပြီ။
မြေး။ ။ဒီအကြောင်းတွေကို စာအုပ်တွေထဲမှာ တခါမှ မြေး မဖတ်ခဲ့ရဖူးဘူး ဘိုးရယ်။ ဘာလို့ မရေးကြ တာလဲ။
ဘိုး။ ။ဗိုလ်ထွန်းလှ ကိုယ်တိုင် ရေးသမျှလေးတောင် ထုတ်ဝေ ဖြန့်ချီခွင့် မရအောင် ပိတ်ထားခဲ့တာတွေ အများကြီး ပါပဲ မြေးရယ်။ တခြားလူ ရေးတာတွေလဲ ပုံနှိပ်ဖြန့်ချီခွင့်က ရဦးမှကိုး မြေးရဲ့။ ဗိုလ်အောင်ဆန်း အကြောင်းက သိသမျှသာ ချရေးရရင် ခေါင်းဆောင်ပုံ နည်းလမ်းချင်း ယှဉ်ရင် နောက်ကြောင်း မလုံသူ တွေ ရှက်တတ်ရင် လဲသေဖို့တောင် ကောင်းတာကိုး။
မြေး။ ။ဒါဖြင့် ဘိုးက ဘာလို့ တပ်ထဲက ထွက်လိုက် ရတာလဲ။ ဒဏ်ရာများ ရခဲ့လို့လား ဘိုးရယ်
ဘိုး။ ။ဘီအိုင်အေကို ဘီဒီအေ ပြောင်းဖွဲ့တော့ ရဲဘော်တချို့ တပ်ထဲက မထွက်မနေ ထွက်ခဲ့ရတယ်။ အမြော်အမြင် ကြီးတဲ့ ဗိုလ်အောင်ဆန်းက ဗိုလ်ချုပ်အောင်ဆန်း ဖြစ်နေပြီ။ သူက တချိန် သည်စစ်အင်အား ပြန်လိုအပ်ရင် လိုအပ်မှာမို့ ထွက်တဲ့ ရဲဘော် တွေကို လိုအပ်ရင် ပြန်စုနိုင်ဖို့ ရည်ရွယ် စီစဉ်ခဲ့ တယ်လေ။ ဘိုးကတော့ စိတ်ထဲမှာ တောဝက်သားကို တော်တော် ခံစား လိုက်ရတော့ နောက်တကြိမ် ဗိုလ်ချုပ် ဘယ်တော့မှ တောဝက်သား အသိုးကို နှာခေါင်းပိတ်ရင်း မျိုမချရ စေရဘူးလို့ ဆုံးဖြတ်ရင်း တပ်ကနေ ကိုယ့်သဘော နဲ့ကိုယ် ထွက်ခဲ့တယ်။ ပြီးတော့ ဗိုလ်အောင်ဆန်းနဲ့ စတွေ့တဲ့ တပ်ထွက်ခဲ့တဲ့ သည်ဘုရား ရှေ့မှာ အိမ်ဝယ်ပြီး နေခဲ့တယ်။ ကုန်သည်လုပ်ရင်း ရိက္ခာတပ်ကို တိတ်တိတ် ထောက်ပံ့ခဲ့တယ်။
သြော်.. လက်စသတ်တော့ ဒီလိုကိုး။ ဒါကြောင့် အာဇာနည်နေ့တိုင်း ဘိုးက ဆွမ်းကပ်အမျှဝေ ဥပုသ်ယူ နေခဲ့တာကိုး။ ကျွန်မလည်း သည်ညနေတော့ ညစာ စားနိုင်တော့မယ် မထင်ပါ။ ရင်ထဲမှာ ဆို့နင် နာကျင်နေသည့် ဝေဒနာကို ခံစားရင်း ကိုယ်တိုင်မကြုံခဲ့ဘဲ တဆင့်ကြား ဖြစ်သော ကျွန်မပင် သည်လို ခံစားရရင် ဘိုးကတော့ ပိုလို့ ခံစားရမှာ သေချာလေသည်။
မြေး။ ။ဘိုးက တော်လိုက်တာ… စစ်လဲတိုက် တတ်တယ်၊ ကုန်သည်လဲ လုပ်တတ်တယ်နော်
ဘိုး။ ။မုဆိုး စိုင်သင်တဲ့ မြေးရဲ့.. ဘိုးလည်း ဘယ်ကုန်သည် လုပ်တတ်မှာလဲ. ခံစားချက်က ရှိနေတော့ ငါရှာရသမျှ ငါ့ဖို့မဟုတ်ဘူး။ သူများဖို့ ဆိုတဲ့ စိတ်ဓာတ်က ရှိနေတော့ ရိုးသား ကြိုးစားတဲ့သူမှာ သူ့စိတ်က သူ့ကိုပြန် ထောက်ပံ့ တတ်တယ် မြေးရဲ့
ဒါနဲ့ ဘိုးချမ်းသာ လာတော့ ပြည်သူပိုင် သိမ်းခံရရောပေါ့
၆၂ခုနှစ် အာဏာသိမ်းပွဲအပြီးတွင် စည်းစိမ်သိမ်းပွဲ အဖြစ် ပြည်သူပိုင် သိမ်းခံရသည် ဟု ကြားဖူးသဖြင့် ကျွန်မ သတိတရ မေးလိုက်မိသည်
ဘိုး။ ။ဘိုးရဲ့ ငွေတွေ ပစ္စည်းတွေက ပြည်သူ တကယ် ပိုင်သွားပါတယ် မြေးရယ်။ အာဏာရှင်တွေ မပိုင်စေရပါဘူး
မြေး။ ။ဟင်.. ဘိုးဘယ်လိုလုပ်လိုက်လို့လဲ
ဘိုး။ ။ဘိုးကုန်တိုက်ကို လာသမျှ စတုဒိသာ ဝေပစ်လိုက် တယ်လေ မြေးရဲ့.. ချစ်တီးဆီက ပြန်ဝယ်ထားတဲ့ ယာမြေတွေကို လုပ်သမျှ အလုပ်သမားတွေ ပိုင်စေ၊ ဆေးတိုက်ကို ပြည်သူ့ ဆေးရုံကိုလှူ၊ ကုန်ကားတွေကို မောင်းသူ ပိုင်စေလို့ လွှဲပေးလိုက် တာပေါ့။ ပြည်သူပိုင်ဆိုတာ ပြည်သူ တကယ် ပိုင်သင့်တယ်လို့ ဘိုးက ယူဆထားတယ်လေ။ စကတည်းက ဘိုးက ဘိုးအတွက် ရှာခဲ့တာမှ မဟုတ်တာမြေးရဲ့။ လွတ်လပ်ရေး ရအောင် တိုက်တာလဲ ပြည်သူအတွက်၊ တိုင်းပြည်ပြန်လည် ထူထောင်ရေးအတွက် ငွေရှာတာလဲ ပြည်သူ့ အတွက်၊ သည်လို ရှာထားတဲ့ ငွေတွေဟာလည်း ပြည်သူ့အတွက်ပဲလေ။ သည်တော့ ပြည်သူပိုင် သိမ်းတဲ့ ကိစ္စမှာတော့ ဘိုးအတွက် ဘယ်လိုမှ မခံစားရပါဘူးမြေးရယ်။ ဘိုးက အသက်ကိုတောင် ပြည်သူ့အတွက် ပေးထားခဲ့သေးတာပဲ။ သည်လိုနေ့မှာပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီး ၈ယောက်လဲ တိုင်းပြည်အတွက် ကြိုးစားလုပ်ဆောင်ကြလို့ မလိုသူတွေ လုပ်ကြံလို့ အသက်ပေးခဲ့ ကြရတာလေ။ တကယ်တော့ သူတို့ဟာ အစောကြီးကတည်းက သတ်ကွင်းတိုက်ပွဲတွေ၊ လုပ်ကြံမှုတွေကို အလီလီ ကျော်ဖြတ်ပြီး တိုင်းပြည်အတွက် အသက်ပေး ထားကြပြီးသားပါ။ အသတ်ခံရနိုင်တယ် ဆိုတာ အစောကြီး ကတည်းက သိသိနဲ့ တိုင်းပြည်လွတ်လပ်ရေး၊ တို့တမျိုးသားလုံး လွတ်လပ်ရေးအတွက် အသက်စွန့် ဆောင်ရွက်နေခဲ့ကြတာပါ။ လုပ်ကြံခံရတယ် ဆိုတာထက် အသက်ပေးလှူမှု ပြီးမြောက်သွားတယ်လို့ ယူဆရမှာပါ မြေးရယ်။ သူတို့ရဲ့ အသက်ပေးမှု ဟာလည်း အလကား မဖြစ်ဘဲ နောင်လာနောင်သားတွေ အတွက် အာဇာနည်ဆိုတာ ဘာလဲဆိုတာ ဥပမာပြစရာ၊ ဂုဏ်ယူစရာ၊ နမူနာယူစရာ ပြယုဂ်အဖြစ် ကျန်ခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့ အသက်ပေးမှုဟာ တိုင်းပြည်အတွက် တဖက်က နစ်နာဆုံးရှုံးမှု ဖြစ်ပေမယ့် နောင်လာနောင်သားတွေကို ရှားပါးမွန်မြတ် အဖိုးတန်လှတဲ့ အာဇာနည် စိတ်ဓာတ်နဲ့ လုပ်ရပ်တွေ လက်ဆင့်ကမ်း ပေးနိုင်ရင် ဒါဟာ အရှုံးထဲက အမြတ်ပဲပေါ့ မြေးရယ်
ဘိုးစကားအဆုံးမှာ ကြက်သီးဖြန်းဖြန်း ထသွားသည်ကို ကောင်းစွာခံစားလိုက်ရသည်။ ဟုတ်ပါသည်။ တတိုင်းပြည်လုံးက ပြည်သူတွေရဲ့ ဘ၀များစွာအတွက်၊ ထိုပြည်သူများမှ မွေးဖွားလာမည့် နောင်လာ နောင်သား မြန်မာလူမျိုးပေါင်းများစွာရဲ့ ဘ၀တွေအတွက် လွတ်လပ်ရေးရဖို့ ဗိုလ်ချုပ်အောင်ဆန်း နဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးများ သူတို့ရဲ့ တစ်ဘ၀စာ စဉ်းစား၊ ကျင့်ကြံ၊ နေထိုင်၊ လုပ်ကိုင်ပုံများ နမူနာယူဖွယ် ချန်ရစ်ခဲ့မှုနှင့် တိုင်းသူပြည်သားများအတွက် အသက်ပေးလှူမှု မွန်မြတ်စွာ ပြီးမြောက်သွား သောနေ့။ ဇူလိုင် ၁၉ရက် စနေနေ့။
သည်နေ့သည် ကျွန်မရဲ့ ဘ၀တွင် အတွေးတွေ၊ ခံယူချက်တွေ၊ စဉ်းစားတွေးခေါ်ပုံတွေ အမှောင်ကင်းပြီး အလင်းတန်း ဖြာဝေ တောက်ပ လာသောနေ့။ ၀မ်းနည်းမှု မိုးတိမ်များကြားက အသိတရားကို အခြေခံ သော အတွေးများ၊ သံန္ဒိဌာန် နေခြည်များ ၀င်းလက် တောက်ပစွာ ဖြာဝေ လာသောနေ့။ ဇူလိုင် ၁၉ရက်နေ့။ အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ နေ့။

No comments: