Wednesday, July 11, 2007

ပညာရေးစနစ်ကင်ပွန်းတပ်

ဒီမိုကရေစီပညာရေးစနစ်နိုင်ငံတစ်နိုင်ငံ အမှန်တကယ် ဖွံ့ဖြိုး တိုးတက် ဖို့ အတွက် အဲဒီနိုင်ငံရဲ့ တာဝန်တွေကို ထမ်းဆောင်ရမယ့် နိုင်ငံသားတွေ အရည်အသွေး ပြည့်ဝနေဖို့ အရေးတကြီး လိုအပ်သလို အဲဒီနိုင်ငံကို အုပ်ချုပ်တဲ့ ပညာ ကို သင်ကြား နိုင်ဖို့ အတွက်လည်း အဲဒီပညာကို သင်ကြားမယ့် လူဟာ အကျိုးအကြောင်းအဆိုးအကောင်း ကို စဉ်းစားဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းဆိုတဲ့ဉာဏ်ရည် (Intelligent quotient -IQ) တင်မက စိတ်ခံစားမှု ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး စဉ်းစား ဆင်ခြင် ဆုံးဖြတ်နိုင်စွမ်း ဆိုတဲ့ ဉာဏ်ရည် (Emotional quotient -EQ) ပါ အထူးမြင့်မားစွာ ပိုင်ဆိုင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာမှာ ဥပဒေရေးရာ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ နဲ့ စီးပွားရေး ဆိုင်ရာ စီမံ အုပ်ချုပ်ရေး ပညာရပ် တွေကို သင်ကြား ပို့ချတဲ့ တကသိုလ် တွေဟာ တခြား ဘာသာရပ်များကို သင်ကြားပို့ချတဲ့ တကသိုလ် တွေထက် ပညာသင်စရိတ်ရော ၀င်ခွင့်အမှတ်ပါ မြင့်မား နေကြပါတယ်။ သို့သော် အဲသည့်ပညာရပ်ကို သင်ကြား တတ်မြောက် ချင်ရင် အဲသည့် ၀င်ခွင့်စာမေးပွဲကို မအောင်မချင်း ထပ်ကာထပ်ကာ ဇွဲနဘဲ ကြီးစွာ ၀င်ရောက် ဖြေဆိုပြီး အောင်မြင်တဲ့ လူတိုင်း တက်ရောက် ပညာ သင်ကြားခွင့် ရှိပါတယ်။ အထူးသဖြင့် ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သည်ပညာရေး စနစ်ကို ဒီမိုကရေစီ ပညာရေးစနစ်လို့ အမည်ပေး ကင်ပွန်းတပ် နိုင်ပါတယ်။
ကျွန်ပညာရေးစနစ်မြန်မာနိုင်ငံ ကိုလိုနီစနစ် လက်အောက် ကျရောက်တဲ့ အချိန်က နယ်ချဲ့ အင်္ဂလိပ်တို့ ကျင့်သုံးခဲ့တဲ့ ပညာ ရေးစနစ်ကို မြန်မာဝံသာနု မျိုးချစ်များက ကျွန်ပညာရေး စနစ်လို့ ကင်ပွန်းတပ်ပြီး သပိတ်မှောက် တော်လှန် ခဲ့ကြပါတယ်။ ကိုလိုနီ နယ်ချဲ့ အရင်းရှင်စနစ် အတွက် အသုံးဝင်လောက်တဲ့ ခိုင်းကောင်းရုံ လောက် ပညာရေး ကိုသာ တကသိုလ်များမှာ သင်ကြားပေး သော်လည်း တကသိုလ် တက်ချင်သူ၊ ပညာ တက်ရောက် သင်ကြားလိုသူ လူတိုင်း တက်ရောက် ပညာ သင်ကြားနိုင်ခြင်း မရှိစေဖို့ အတွက် ကျောင်းလခများကို အလွန်အမင်း မြှင့်တင်ထားကာ ပညာတတ် ဦးရေကို ချုပ်ချယ် ကန့်သတ် ထားတဲ့ ပညာရေးစနစ်ကို ကိုလိုနီ ကျွန်ပညာရေး စနစ်လို့ ခေါ်ခဲ့ကြပါတယ်။ သို့သော် သည်စနစ်က ကျောင်းသားများ ကျောင်းလခ သာ တတ်နိုင်ပါက၊ ၀င်ခွင့် စာမေးပွဲသာ ဖြေဆို အောင်မြင်ပါက အုပ်ချုပ်ရေး ပညာ ဘာသာရပ်မှ အစပြုကာ မိမိနှစ်သက်ရာ ဘာသာရပ်ကို စိတ်ကြိုက် သင်ယူခွင့်ရှိပြီး သင်ပေးသမျှ ကိုတော့ အမှန်တကယ် တတ်မြောက် ကျွမ်းကျင်စေပြီး အင်္ဂလိပ်စာ ကိုလည်း တကယ်တတ်အောင် သင်ပေးခဲ့တဲ့ အတွက် သည် ပညာရေး စနစ်က သင်ကြား ပေးသမျှကို သာမက မိမိဘာသာ သင်ယူလိုရာများ ကိုလည်း ကိုယ့်အား ကိုယ်ကိုးကာ ကိုယ်တိုင် လေ့လာနိုင် သောကြောင့် မိမိသင်ကြား နေရသော ပညာရေး စနစ်ကို ကျွန်ပညာရေး ဖြစ်မှန်း မြန်မာလူတော်များက သိရှိလာကြပြီး မကျေနပ်ကြဘဲ သပိတ်မှောက် ကြရာမှ မြန်မာ နိုင်ငံဧ။် လွတ်လပ်ရေး အတွက် လမ်းစပေါ်လာ ခဲ့ရသည်ကို သမိုင်းက ပြဆိုခဲ့ပါတယ်။ နိုင်ငံသားများ ပညာတတ်မှုနှင့် ပညာတတ် ဦးရေကို အကန့်အသတ်ဖြင့် ထိန်းချုပ်သော ပညာရေးစနစ်ကို ကျွန်ပညာရေး စနစ်လို့ အမည်ပေး ကင်ပွန်းတပ် ခဲ့ကြပါတယ်။
ကျွန်ပညာရေးစနစ်ထက်အမှောင်ဖုံးတဲ့ စစ်အာဏာရှင် ပညာရေးစနစ်ပညာသင်ယူခွင့်ကို ငွေကြေးနဲ့ ခွဲခြားတယ် ဆိုတဲ့ ကိုလိုနီ ကျွန်ပညာရေး စနစ်ကို တော်လှန်သယောင် ပြုပြီး တကသိုလ်အဆင့် ပညာ သင်ကြားခွင့်ကို တနိုင်ငံလုံး အတိုင်းအတာနဲ့ အမှတ်ခွဲခြား သတ်မှတ်ပြီး ရမှတ် ပေါ် မူတည်လို့ တက်ရောက် ပညာသင်ကြားရမည့် ဘာသာရပ်ကို ဗဟိုအုပ်စီး စနစ်နဲ့ ချယ်လှယ် ချုပ်ကိုင် ပြီး ပညာ သင်ကြားခွင့် ပြုတဲ့စနစ်တစ်ခု ရှိနေပါတယ်။ နိုင်ငံသားများ ကိုယ်နှစ်သက်ရာ၊ အားသာရာ၊ ၀ါသနာ ပါရာကို သင်ကြားခွင့် မရဘဲ ကိုယ့်အရည်အချင်း ရမှတ်အလိုက် ကျောင်းတက်စေ ဆိုတဲ့စနစ် ဖြစ်ပြီး ကိုယ့်ရွေးချယ်ခွင့် ပျောက်ဆုံးတာ ကိုတောင် သတိမမူမိ လောက်အောင် အတော်ဆုံး ဆိုတဲ့ နာမည်ဂုဏ် မှာ ယစ်မူးစေတဲ့ ပညာရေး စနစ်မျိုးပါ။ သည်ပညာရေးစနစ်ကို နိုင်ငံသား အချင်းချင်း ငါတော်တယ်၊ သူတတ်တယ် ရယ်လို့ ဂုဏ်ပြိုင်ရင်း စည်းလုံးမှု ပျက်ပြားစေတဲ့၊ အချင်းချင်း ဂုဏ်ထောင်ရင်း လူအချင်းချင်း လေးစားစိတ်ကို လျော့ပါးစေတဲ့ နိုင်ငံသား အချင်းချင်းကို ရန်တိုက်ပေးတဲ့ စနစ်၊ လူသားတိုင်း ကိုယ်ပိုင် အရည်အချင်း အစစ်အမှန်ကို ဖော်ထုတ်ပြသခွင့်၊ ထက်မြက်အောင် ကြိုးစားပိုင်ခွင့် မရှိတဲ့ ချုပ်ချယ် ကန့်သတ်တဲ့ ပညာရေးစနစ် လို့သာ ရလာတဲ့ ရလာဒ် ပေါ်မူတည်ပြီး အဖြေထွက် နေပါတယ်။
ထိပ်ဆုံးပိုင်း ထက်မြက်တဲ့ လူတော်တွေကို နည်းပညာ ကျွမ်းကျင်သူ ဆိုတဲ့ ဘောင်ထဲ ဆွဲထည့်၊ အသင့်အတင့် တော်သူတွေကို နိုင်ငံတွင်းမှာ လက်တွေ့ ဖွံ့ဖြိုးအောင် ကြိုးစား လုပ်ဆောင်လို့ မရတဲ့ သာမန် ၀ိဇ္ဇာ သိပ္ပံလိုင်း ထဲထည့်၊ အုပ်ချုပ်ရေးပိုင်း ဖြစ်တဲ့ စီးပွားစီမံနဲ့ ဥပဒေရေးရာ ပညာရပ် တွေကိုတော့ သာမန်လူတွေ တက်စေဆိုပြီး အမှတ်နိမ့်ထားပြီး သူ့ရဲ့အုပ်ချုပ်ရေး စနစ်ထဲကို အရည်အသွေးရော စိတ်ဓာတ်ပါ ထက်မြက်သူ လူတော် မရောက်လာစေတဲ့ ပညာရေး စနစ်မျိုးပါ။ ဒါပေမယ့် ဘာသာရပ်များကို သင်ကြားပေး ရာမှာတော့ အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးမှု မရှိရုံမျှမက ကျောင်းသား များ မိမိဘာသာ လေ့လာ သင်ယူခြင်း မပြုနိုင်အောင် ရည်ညွှန်း ကိုးကားစရာများ ဖြစ်တဲ့ စာကြည့်တိုက်မှ အစပြုတဲ့ သင်ကြားမှု သင်ယူမှု အထောက်အကူ ပြုများကိုပါ ပြည့်စုံအောင် ဖြည့်ဆည်းမှု လုံးဝမရှိတဲ့ ပညာရေး စနစ်မျိုးလည်း ဖြစ်ပါတယ်။ အာဏာရှင်များရဲ့ မျိုးဆက်များ ကိုတော့ သည်လို လူပြိန်းများကို ကောင်းကောင်း အုပ်ချုပ် တတ်စေမယ့် ပညာရော၊ အာဏာ နဲ့ အခွင့်အရေးပါ အပြည့်အ၀ ရစေတဲ့ သီးသန့် ကျောင်းများ ဖွင့်လှစ်သင်ကြားတဲ့ စနစ်လည်း ရှိပါတယ်။ သည်လို ခွဲခြားထားမှ သာလျှင် အာဏာရှင် စနစ် အဓွန့်ရှည် တည်တံ့ကာ အာဏာရှင် များလည်း သားစဉ်မြေးဆက် ကောင်းစား နိုင်မယ်လို့ အာဏာရှင်များက ယုံကြည် ယူဆကြပါတယ်။ သာမန် ပြည်သူလူထု ကျောင်းသားများ ဘာမှ မတတ်ဘဲ လက်ညှိုးထောင် ခေါင်းညိတ် တတ်ရုံ၊ ကိုယ့်ကိုယ်ကို ဘာမှန်း တကယ် မသိစေဘဲ ကိုယ့်ကိုယ်ကို အထင်ကြီး ဘ၀င်မြင့်စေတဲ့ မြင်းမျက်မှန်စိမ်း တပ်၊ ပါးချုပ်တတ်၊ ဇက်ခွံ့၊ အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ် စေတဲ့ သည်စနစ်ကို စစ်အာဏာရှင် စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံများမှာ နိုင်ငံသားများကို သင်ကြားစေ တဲ့အတွက် စစ်အာဏာရှင် ပညာရေးစနစ် လို့ အမည်ပေး ကင်ပွန်းတပ် ထိုက်ပါတယ်။ ကဲ... ကျုပ်တို့ ဘယ်ပညာရေးစနစ်ရဲ့ လက်အောက်မှာ ပညာ သင်ကြား ခဲ့ကြသလဲ။ ကျုပ်တို့ကိုယ်တိုင်ရော ဘာတွေ လုပ်နေကြသလဲ။

No comments: